ဖြူးမြို့ အ-ထ-က ၁ Quarantine စင်တာတွင် ဖဲရိုက်နေသည့် ပြည်ပပြန် ၇ ဦးကို အမှုဖွင့်ခံရ

ဖြူး ဇွန် ၁၀
ပဲခူးတိုင်း ဖြူးမြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း Quarantine စင်တာတွင် ဖဲရိုက်နေသူ ၇ ဦးကို အမှုဖွင့်လိုက် ​ကြောင်း ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဇွန် ၆ ရက် ည ၁၁ နာရီခွဲခန့်က ဖြူးမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း Quarantine စင်တာတွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြ‌ကြောင်း သတင်းအရ နယ်‌မြေခံရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရှာဖွေရာ ထိုင်းနိုင်ငံမှပြန်လာပြီး Quarantine ဝင်နေသည့် အမျိုးသား ၇ ဦးကို ဖဲချပ် ၅၂ ချပ် လောင်းကစားငွေ ကျပ် ၂ သိန်းကျော်ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းက ဆိုသည်။



“ဖဲရိုက်လောင်းကစား လုပ်နေကြတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ လောင်းကစား အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီ” ဟု ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ၇ ဦးမှာ ကျန်တားကူးမာရ်( ၃၄ နှစ်) ၊ ရဲဝင်းထွန်း(၂၀ နှစ်)၊ နိုင်ဇော်(၂၉ နှစ်) ၊ မာနိုပရာဆပ် (၂၃ နှစ်) ၊ အောင်ကိုကို(၂၅ နှစ်)၊ မင်းခိုင်(၃ဝနှစ်)၊ ချစ်စန်းမောင်(၁၉ နှစ်) တို့ဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး အမျိုးသား ရဦးအပေါ် ဖြူးမြို့မရဲစခန်းမှ (ပ) ၁၃၀ /၂၀၂၀ လောင်းကစားအက်ဥပဒေပုဒ်မ ၁၅(က) ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Comments