MNDAA အဖွဲ့မှ နယ်မြေစည်းရုံးရေးတာဝန်ခံ အဆင့်ရှိသူတစ်ဦးအပါအဝင် အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်းဝင်ရောက်

နေပြည်တော်၊ ဇွန်-၁၃
၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၁ရက် နံနက်ပိုင်းတွင် MNDAA လက်နက်ကိုင် အဖွဲ့မှ နယ်မြေစည်းရုံးရေးတာဝန်ခံအဆင့်ရှိသော ချာကွီးဖျင်နှင့် တပ်သားအဆင့်ရှိ ရန်ဖေးတို့ နှစ်ဦးသည် ဥပဒေဘောင်အတွင်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းထံသို့ ဝင်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် ကိုးကန့် အဖွဲ့အတွင်း မဖြစ်မနေဝင်ရောက်ရသဖြင့် ဝင်ရောက်ခဲ့ရကြောင်း၊ သင်တန်း ၃ လ တက်ရောက်ခဲ့ကာ စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ရကြောင်း၊ ချာကွီးဖျင်မှ ပြောပြသည်။

ရန်ဖေးမှလည်း ၂၀၁၇ခုနှစ်၊ မေလတွင် ၎င်း၏ကျေးရွာသို့ MNDAA လက်နက်ကိုင် အဖွဲ့ရောက်ရှိလာပြီး လူသစ်စုဆောင်းသဖြင့် ရွှေရင်စည်ကျေးရွာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်း၏ မိခင်ဖြစ်သူအား ခြိမ်းခြောက် သဖြင့် MNDAA လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်ခဲ့ရပြီး ချာကွီးဖျင်၏ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရကြောင်း ပြောပြသည်။
၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း အေးအေးဆေးဆေးနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလမ်းစဉ်များကို ကြားသိရပြီး ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ ချာကွီးဖျင်မှ ၎င်းတာဝန် ထမ်းဆောင်စဉ် ကိုင်ဆောင်ခဲ့သော လက်နက်ခဲယမ်းများအား သိုဝှက်ထားခဲ့ကြောင်း ပြောပြသဖြင့် ရွှေယင်စီးကျေးရွာရှိ နေအိမ်သို့သွားရောက်ရှာဖွေရာ နေအိမ်မျက်နှာကြက်ထပ်ခိုး အတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် M-၁၆ မောင်ပြန်ရိုင်ဖယ် ၁လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၃ တောင့်၊ အမ်-၂၀ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၉ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ ၂ဦးအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Source;တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖြွ့

Comments