ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ ဒီတိုနေတာများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇွန် ၁၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထက်နိုင်ဦး(ဘ)ဦးခင်မောင်ဦး မောင်းနှင်ပြီး ယာဉ်ပိုင်ရှင် ကျော်ကျော်ဌေး(ဘ) ဦးကျော်တင့်၊ ၎င်း၏ဇနီး အေးအေးနွယ်(ဘ)ဦးကျော်အေး၊ ယာဉ်နောက်လိုက် ဇင်မင်းဦး (ဘ)ဦးသန်းရွှေ တို့လိုက်ပါလာသည့် ‘ထက်ဦး’ယာဉ်လိုင်းမှ မော်တော်ယာဉ်အမှတ်၊ MDY/------ အားရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် လျှပ်စစ် စနက်တံကြိုး ၂၁ဝဝ ချောင်းပါ ပီနံအိတ် ၁၄ အိတ်(၂၉၄ဝဝ ချောင်း)နှင့် လျှပ်စစ် ဒီတိုနေတာ ၆ဝဝဝ ချောင်း အားလည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် ထွန်းမင်းလတ်(ဘ)ဦးခင်ငြိမ်း မောင်းနှင်၍ ငြိမ်းချမ်းအောင်(ဘ)ဦးအောင်ချမ်းသာ လိုက်ပါလာသည့် ယာဉ်အမှတ်၊ NPW/---- ပေါ်မှ အရှည် ၁၃ ပေခန့်ရှိ မီးရှို့ဒီတိုနေတာ ၉၇ဝဝ ချောင်း၊ လျှပ်စစ်ဒီတိုနေတာ ၁၅ဝဝဝ ချောင်း၊ ယမ်းပျော့ ၄၅ဝ၃ဝ ဂရမ်၊ 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄ ပြား အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ အထက်ပါပစ္စည်းများနှင့် ပတ်သက်ဆက်နွယ်သူဖြစ်သည့် စိုးမင်းကြည် (ဘ)ဦးဘကြည် ကို ပြည်ကြီးတံခွန်မြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းဆုံ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်စပ်သတင်းများအရ ပြင်ဦးလွင်-မန္တလေးကားလမ်း ၂၂ မိုင်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီခွဲခန့်တွင် စောင့်ဆိုင်းနေစဉ် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ဘိုဘိုနိုင်(ဘ)ဦးအောင်သန်း မောင်းနှင်၍ နေဝင်းထွန်း(ဘ) ဦးကိုထွန်း နှင့် ထွန်းထွန်းမင်း(ဘ)ဦးလှမြင့် တို့လိုက်ပါလာသည့် ‘ထက်ဦး’ယာဉ်လိုင်းမှ ယာဉ်အမှတ်၊ YGN81/----EXPRESS ယာဉ်အား စစ်ဆေးရာ ၂၁ မိုင် ၄ ဖာလုံနေရာ၌ ဒီတိုနေတာများထည့်ထားသည့် ပီနံအိတ် ၂ဝ အိတ်အား ချထားခဲ့ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ ၎င်းနေရာ၌ ပီနံအိတ် ၂ဝ အိတ်အတွင်းမှ ယမ်းပျော့ ၂၈၅ ဂရမ်ပါ ၃၁၄ဝ ချောင်းနှင့် မီးရှို့ဒီတိုနေတာ ၁၈ဝ ချောင်းတို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်စစ်ဆေးချက်အရ ပစ္စည်းများပို့ဆောင်ရမည့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဦးဘအောင်၏ နေအိမ်အား သွားရောက်ရှာဖွေစစ်ဆေးရာ ဦးဘအောင် အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏သားဖြစ်သူ ရဲရင့်အောင် အားအိပ်ယာဘေးရှိ ဘီစကစ် မုန့်ဘူးအတွင်းမှ ဆေးခြောက် ၂၅ ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ ဒီတိုနေတာများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မဟာအောင်မြေမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Comments