အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား များနှင့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

(၁၃-၆-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အစီအမံများကို ဆက်လက် ချမှတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်အော်တွင် ကျောက်ချရပ်နား ထားသည့် Carnival Cruise Line ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားအမှုထမ်း (၁၂၉) ဦးနှင့် ဖိလစ်ပိုင် နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၂၁) ဦး စုစုပေါင်း (၁၅၀) ဦးအား သင်္ဘောကုမ္ပဏီ၏စီစဉ်ပေးမှု၊ မြန်မာသံရုံး၊ မနီလာမြို့၏ ညှိနှိုင်း ဆောင်ရွက်ပေးမှုတို့ဖြင့် Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ(၁၈:၂၅)နာရီအချိန်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။



၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။




၃။ နိုင်ငံတကာကုန်သွယ်သင်္ဘောများ၊ အပျော်စီးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် မြန်မာသင်္ဘောသားများသည် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးအစီအမံများ ကြောင့်တာဝန်မှရပ်စဲခံရခြင်း၊ ဆိပ်ကမ်းကပ်ရာနိုင်ငံများ၌ Lock Down နှင့်ကြုံ တွေ့ရခြင်း၊ ပြည်ဝင်ခွင့်မရခြင်း၊ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲမှုယာယီ ရပ်ဆိုင်းခြင်းနှင့်အတူ ရောက်ရှိရာနေရာဒေသများတွင်အခက်အခဲကြုံတွေ့နေရခြင်း၊ လူစားလဲလှယ် (Crew change) ပြုလုပ်ရန် အခက်အခဲများရှိခြင်း တို့ကြောင့် သက်ဆိုင်ရာသင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ မြန်မာသံရုံးများ၏ အစီအစဉ်ဖြင့်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ တင်ပြလျက်မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာ ယနေ့အထိ မြန်မာသင်္ဘောသား စုစုပေါင်း(၅၅၀)ဦးခန့်အား ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင်ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများ တွင် ပိတ်မိနေသည့် မြန်မာ သင်္ဘောသားဉီးရေ(၄၀၀)ကျော်အားလည်း ဇွန်လတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Comments