AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ၄င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို အကြမ်းဖက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်


မန္တလေး ဇွန်၁၀

AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ၄င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို ဇွန် ၉ ရက်က မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားသူကြီးက အကြမ်းဖက်ဥပဒေပုဒ်မဖြင့် စွဲချက်တင် အမိန့်ချခဲ့သည် ။

ဖမ်းဆီးရမိသူများဖြစ်သော AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက်(ခ)ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ)ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည် ။

``တရားလိုပြသက်သေတွေအားလုံး စစ်ပြီးတဲ့အချိန်မှာ အမိန့်ချတာပါ။အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့နဲ့ စွဲချက်တင်ခဲ့တာပါ။ ပြန်ခေါ်သက်သေ နှစ်ဦးခေါ်ထားပါတယ်´´ဟုမန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးက ပြောသည် ။




ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား လေးဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသော ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် အမှုနှင့်ပတ်သက်၍ နောက်ထပ်နှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန် သုံးဦးကျန်ရှိနေကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည် ။
တရားခံပြေးသုံးဦးဖြစ်သည့် ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ကို ဖမ်းဆီးရမိခြင်းမရှိသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

Comments