(၉၉) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် MPT က (၉) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကျင်းပမည်


မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က (၉၉) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်တွင် အမျိုးသားသွေးဌာန ၊ ရန်ကုန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများ စသည့် စုစုပေါင်းနေရာ (၁၇) ခုတို့တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

MPT ၏ ယခုအကြိမ်သွေးလှူဒါန်းပွဲမှာ (၉) ကြိမ်မြောက်ဖြစ်ပြီး ယခင်က (၈) ကြိမ်မြောက်အထိ MPT ဝန်ထမ်းများနှင့် နိုင်ငံတစ်ဝန်းမှ စေတနာရှင်များ အပါအဝင် သွေးအလှူရှင်ပေါင်း (၅,၅၀၀) ကျော်က အရေးပေါ် သွေးလိုအပ်နေသူများအတွက် သန့်ရှင်းသည့် သွေးပမာဏအဖြစ် (၂,၄၇၅,၀၀၀) မီလီလီတာခန့် လှူဒါန်းနိုင်ခဲ့
ကြောင်းသိရသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ  ဦးမြင့်သိန်းထွန်းက “ ကျွန်တော်တို့ ကျင်းပခဲ့တဲ့ သွေးလှူဒါန်းပွဲတွေတိုင်းမှာ ပါဝင်တဲ့သူအရေအတွက်က တစ်ခေါက်ထပ် တစ်ခေါက် ပိုပြီးများလာတာကြောင့် ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့အတူ လာရောက်သွေးလှူဒါန်းမယ့် စေတနာရှင်ပြည်သူတွေ ပိုများလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရေးပေါ်              အခြေအနေကြောင့် သွေးလိုအပ်နေတဲ့သူတွေနဲ့ ကျန်းမာရေးအခြေအနေအရ အမြဲသွေးသွင်းဖို့လိုအပ်နေတဲ့ သူတွေကို ကူညီနိုင်ဖို့အတွက် ဒီသွေးလှူဒါန်းပွဲ အစီအစဉ်ကို ရှေ့ဆက်ပြီးလည်း စေတနာသွေးလှူရှင် ပြည်သူတွေနဲ့အတူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”
“သွေးလှူဒါန်းမှုဆိုတာဟာ မိမိရဲ့သွေးကိုလှူဒါန်းပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ အလွန်မွန်မြတ်တဲ့ အလှူပါ။ အဲဒီ့လိုမွန်မြတ်တဲ့ အလှူကိုပြုလုပ်နိုင်ဖို့အတွက်လည်း လူတိုင်းကို သဘာဝက ပေးထားတဲ့ မွန်မြတ်တဲ့ လက်ဆောင်လို့ ပြောလို့ရပါတယ်။ အရင်သွေးလှူပွဲတွေမှာ ပါဝင်လှူဒါန်းခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပြီး မြန်မာတစ်နိုင်လုံးက အကြောင်းအမျိုးအမျိုးကြောင့် သွေးလိုအပ်နေတဲ့သူ တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ MPT နဲ့အတူ ပူးပေါင်းပြီး ပါဝင်နိုင်ဖို့ကိုလည်း  ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီလို သွေးလှူဒါန်းမှုမှာ ပါဝင်ခြင်းဟာ (၉၉) နှစ်မြောက် အမျိုးသားနေ့ကို အကောင်းဆုံး ကြိုဆိုဂုဏ်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ်လိမ့်မယ်လို့လည်း ယူဆမိပါတယ်” ဟု ထပ်မံ ပြောကြားသည်။

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် ကျင်းပမည့် MPT ၏ (၉) ကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းလိုကြသူများအနေဖြင့် ရန်ကုန်အတွက် ဖုန်းနံပါတ် ၀၉-၈၆၃၀၀၅၀ သို့ ဆက်သွယ်၍ လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးများသို့ ဆက်သွယ်၍လည်းကောင်း စာရင်းပေးသွင်းနိုင်မည် ဖြစ်
ကြောင်းသိရသည်။


Comments