Facebook နှင့် အူရီဒူး တို့ ပူးပေါင်းစီစဉ်သည့် ဗန်ကားများဖြင့် မြန်မာနိုင်ငံရှိ ရွာပေါင်း (၂၀၀) သို့ လှည့်လည်သွားရောက်၍ ဒစ်ဂျစ်တယ် အသိပညာပေးမည်

Facebook နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းစီစဉ်ထားသည့် ဗန်ကားနှစ်စီးသည် ပြည်သူများ အွန်လိုင်းကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်နှင့် အသိပညာ၊ ဗဟုသုတ ပြည့်ဝသည့် ဒစ်ဂျစ်တယ် နိုင်ငံသားများ ဖြစ်လာစေရန် ပညာပေးရာတွင် အထောက်အပံ့ဖြစ်စေရန် ရက်ပေါင်း (၁၀၀) အတွင်း မြန်မာ နိုင်ငံရှိ ရွာပေါင်း (၂၀၀) ကျော်သို့ လှည့်လည်သွားလာမည် ဖြစ်သည်။

 Facebook နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ယခုကဲ့သို့ ရက်ပေါင်း (၁၀၀) အတွင်းတွင် မြန်မာနိုင်ငံ အတွင်းရှိ သွားလာရခက်ခဲသော ဝေးလံခေါင်သီသည့် ဒေသများ အထူးသဖြင့် ကျေးလက်ဒေသများရှိ ရွာပေါင်း (၂၀၀) ကျော်သို့ သွားလာ၍  တစ်ရက်လျင် လူပေါင်း (၁,၀၀၀) အား အသိပညာပေးနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

“Internet 1O1” (Internet One on One) အစီအစဉ်ကို မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းက စတင်ခဲ့ရာ ကမ္ဘာတစ်ဝန်း အဆိုပါ အစီအစဉ် ပထမဦးဆုံး စတင်မိတ်ဆက်သည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။ “Internet 1O1”သည် တစ်ဦးချင်းသို့ မျှဝေသော သင်တန်းမှတစ်ဆင့် အင်တာနက်နှင့်ပတ်သက်ပြီး အဓိကသိရမည့် အကြောင်းအရာ များကို ဖြန့်ဝေပေးလျက် ရှိပြီး အသိပညာပေး ဗန်ကားများဖြင့် အင်တာနက် ပထမဦးဆုံးအကြိမ် စတင်အသုံးပြုသူများကို အကောင့်လျှို့ဝှက်ကုဒ်လုံခြုံရေးနှင့် အင်တာနက်မှရရှိနိုင်သည့် အကျိုးကျေးဇူးများ (ဥပမာ - သူငယ်ချင်း၊ မိသားစုများနှင့် အဆက်အသွယ် မပြတ်အောင်နေခြင်းနှင့် အလုပ်ရှာခြင်း) စသည့် အကြံပြုချက်များပါရှိသည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် အင်တာနက်အကြောင်း သိရှိနားလည်ကြစေရန် သင်ကြားပြသနိုင်ရေး ရည်ရွယ်ထား​ကြောင်းသိရသည်။

ဗန်ကားပေါ်ရှိ နည်းပြများက ဒစ်ဂျစ်တယ် သိနားလည်မှုရှိစေရေးအတွက် အများပြည်သူအား အသိပညာ  ပေးရာတွင် ကူညီသင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အပြင် ဖုန်းအတွင်းရှိ အက်ပလီကေးရှင်းများ အဆင့်မြှင့်တင်ပေးရန်နှင့် ယူနီကုဒ် ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီပေးရန်  ဆောင်ရွက်ပေးမည်  ဖြစ်သည်
ဟုသိရသည်။



Comments