ကျောက်ထုတ်လုပ်ငန်းရှင်များအသင်း ငါးဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည့် အများပိုင်ကုမ္ပဏီစတင်ဖွင့်လှစ်


မြန်မာနိုင်ငံအတွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် ကျောက်ထုတ်လုပ်ငန်းများ လုပ်ကိုင်သွားမည့် အစုရှယ်ယာပေါင်း  ငါးသိန်းအထိ ပါဝင်သည့် ကျောက်ထုတ်လုပ်ငန်းရှင်များအသင်း အများပိုင်ကုမ္ပဏီကို အောက်တိုဘာ ၃၀ ရက်နေ့တွင် စတင်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်ထုတ်လုပ်ငန်းများကို ရန်ကုန်မြို့မှ အပကျန်ပြည်နယ်နှင့်တိုင်းများရှိ ကျောက်တောင်များမှ တဆင့် သုံးစွဲသူများလိုအပ်သည့် ကျောက်အမျိုးအစားများကို ထုတ်လုပ်ရောင်းလျက် ရှိပြီး မြန်မာနိုင်ငံအတွင်းခွဲကျောက်ထုတ်လုပ်သူအနေဖြင့် လုပ်ငန်းပေါင်း ၂၅၀၀ နှင့် တစ်နှစ်လျှင် ကျောက်ကျင်းပေါင်း ၄ သန်းကျောက် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းသုံးခွဲကျောက်ထုတ်လုပ်ရောင်းချသူများအသင်းမှသိရသည်။

“အများပိုင်ကုမ္ပဏီကို သြဂုတ်လကစတင်ဖွဲ့စည်းခဲ့တာ အစိုးရရဲ့တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ကိုတော့ အောက်တိုဘာလကုန်ကစတင်ရတယ်။ အများပိုင်အတွက် ရှယ်ယာအဆိုပြုသူများကို Premimum ၁၀၀၀နှုန်းနဲ့ သတ်မှတ်ရောင်းချပေးထားတယ်”ဟု ကျောက်ထုတ်လုပ်ငန်းရှင်များအသင်းအများပိုင်ကုမ္ပဏီဥက္ကဌ ဦးဇော်မင်းအောင် ကပြောကြားသည်။

အဆိုပါအများပိုင်လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းစီးပွာရေးလုပ်ငန်းများတွင် လိုအပ်သည့် ကျောက်တောင်မြေနှင့် ကျောက်ခွဲစက်လုပ်ငန်း၊ လုပ်ငန်းသုံးကျောက်ထုတ်လုပ်ခြင်း၊ ယမ်းတိုက်၊ ယန္တရားအငှားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု ယင်းလုပ်ငန်းထံမှ သိရသည်။




Comments