မြန်မာဆိုက်ဘာလုံခြုံရေးအသိပညာပေးလ ပိတ်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ



မြန်မာဆိုက်ဘာလုံခြုံရေးပိတ်ပွဲအခမ်းအနားကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် နာမည်ကျော်များ၊ နည်းပညာကျွမ်းကျင်ပညာရှင်များ၊ အမေရိကန်စင်တာမှ လူငယ်လူရွယ်များ အများအပြားတက်ရောက်ခဲ့သော ဟစ်ဟော့ဖြေဖျော်ပွဲနှင့် အောင်မြင်စွာ ကျင်းပပိတ်သိမ်းခဲ့သည်။
အဆိုပါ ဟစ်ဟော့ဖျော်ဖြေပွဲတွင် နာမည်ကြီး ရပ်(ပ်) အဆိုတော် ကြက်ဖ၏ ဆိုင်ဘာလုံခြုံရေး theme song နှင့် ပွဲဦးထွက်သီဆိုဖျော်ဖြေခဲ့ပြီး တက်သစ်စ မြန်မာ့ဟစ်ဟော့အဆိုတော်များမှလည်း ၎င်းတို့၏ အထူးဖျော်ဖြေတင်ဆက်မှုများဖြင့် ပါဝင်အားဖြည့်ခဲ့သည်။ STOP. THINK. CONNECT ဟစ်ဟော့ပါတီသည် အွန်လိုင်းလုံခြုံရေး၏ အရေးကြီးမှုနှင့် ဒစ်ဂျစ်တယ် နိုင်ငံသားကောင်းတစ်ဦးဖြစ်ရေးအတွက် ပြည်သူလူထုကိုပညာပေးသည့် တစ်လကြာမြင့်သော တစ်နိုင်ငံ လုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအသိပညာပေးမှု ကမ်ပိန်းဖြစ်သည့် MCM ကို အောင်မြင်စွာ ကျင်းပပိတ်သိမ်းသည့် ဖြေဖျော်ပွဲတစ်ခုဖြစ်သည်။
အမေရိကန်နည်းပညာကုမ္ပဏီများ ပူးပေါင်းဖွဲ့စည်း ထားသည့် ရန်ကုန်အခြေစိုက် U.S. ICT Council for Myanmar သည် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်နှင့် Myanmar Information Security Association (MiSA) မှ မိတ်ဖက်ပါတနာများနှင့် အတူတကွလက်တွဲကာ မြန်မာဆိုက်ဘာလုံခြုံရေးလအား စတင်ရန် စိတ်ကူးအား စတင်ခဲ့ခြင်းဖြစ်သည်။
CyberReadyMyanmar ခေါင်းစဉ်ဖြင့် မြန်မာဆိုက်ဘာလုံခြုံရေးလသည် နိုင်ငံသားများကြားတွင် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်သည့် အလေ့အထရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
MCM မှ ဦးဆောင်ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲနှင့် အခမ်းအနားများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင်ကျင်းပခဲ့ပြီး ဒစ်ဂျစ်တယ်ချန်နယ်များမှတစ်ဆင့်လည်း အွန်လိုင်းလုံခြုံရေးအကြောင်း နှင့် ဒေတာများနှင့်စက်ပစ္စည်းများကို ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်မှ မည်သို့ကာကွယ်ရမည်ဆိုသည့် အကြောင်းအရာများကို ပြည်သူလူထုနှင့် အဖွဲ့အစည်းများအား အသိပညာဖြန့်ဝေပေးခဲ့သည်။
“မြန်မာဆိုက်ဘာလုံခြုံရေးလ (MCM) ပိတ်ပွဲကို လူတွေ ဆိုက်ဘာအန္တရာယ်နဲ့ပတ်သက်ပြီးတော့ အသင့်ဖြစ်နေအောင် သတင်းစကားတွေဖြန့်ဝေချင်တာရယ်၊ လူတွေအားလုံးကို တစ်စုတစ်စည်းတည်း၊ သိုက်သိုက်ဝန်းဝန်းပါဝင်စေချင်တာရယ်ကြောင့် အခုလိုဟစ်ဟော့ ဖြေဖျော်ပွဲလေးနဲ့ ကျင်းပဖြစ်ခဲ့တာပါ” ဟု U.S. ICT Council for Myanmar ၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Max Shu Teasdale က ဆိုသည်။
“ဟစ်ဟော့က မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့အချိန်အများစုကို အွန်လိုင်းမှာအသုံးပြုနေကြတဲ့ လူငယ်တွေကိုဆွဲဆောင်ဖို့အတွက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကြက်ဖလိုမျိုး အနုပညာပါရမီရှင်က လူငယ်တွေနဲ့ဆက်သွယ်နိုင်အောင် ကူညီပေးပြီး ဆိုက်ဘာလုံခြုံရေးကို ပြည်သူလူထုသိရှိအောင် အသိပညာပေးရာမှာ တက်တက်ကြွကြွနဲ့ ပါဝင်အားဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းမှ ထပ်မံပြောကြားခဲ့သည်။ အမေရိကန်စင်တာရန်ကုန်မှ U.S. ICT Council နှင့် ဖျော်ဖြေရေးကုမ္ပဏီ La La Kyi တို့နှင့် ပူးပေါင်းကာ ဖျော်ဖြေပွဲအားကျင်းပခဲ့သည်။ ဖျော်ဖြေပွဲအား လူ ၂၀၀ ကျော် လာရောက်အားပေးခဲ့ကြပြီး အမေရိကန်စင်တာရန်ကုန်၊ La La Kyi နှင့် မြန်မာဆိုက်ဘာလုံခြုံရေးလတို့၏ Facebook စာမျက်နှာတို့မှ တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်း ၂၅၀၀၀ ကျော်ကြည့်ရှုခဲ့ကြသည်။
အကသမားတစ်ဦးဖြစ်သူ ဂျင်မီကိုကိုမှ အစီအစဉ်တင်ဆက်သူအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ DJ Mickey ၊
အဆိုတော် လမင်းခ၊ အမျိုးသမီး ရပ်(ပ်) အဆိုတော် Ya Ya ၊ Girl’s Universal Dance Crew
အကအဖွဲ့တို့အပြင် Black Jack Dance Crew အကအဖွဲ့တို့မှ အသီးသီး ပူးပေါင်းပါဝင်ဖျော်ဖြေပေးခဲ့ ကြသည်။

Comments