ရေကျော်ပွဲဈေးကျင်းပစဉ်ရက်များတွင်YBS93ယာဉ်လိုင်းအပြန်လမ်းကြောင်းအားယာယီလမ်းလွှဲ၍မောင်းနှင်မည်ဖြစ်ကြောင်းလူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိသော သီတင်းကျွတ်ပွဲတော်၊ ရေကျော်ပွဲဈေးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထိုသို့ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ လမ်းပိုင်းအချို့ ပိတ်ဆို့လေ့ရှိရာ အထက်ပါရက်များအတွင်း ပွဲဈေးကျင်းပချိန်၌ လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း၏ YBS 93 အပြန်ခရီးစဉ်အား ယာယီလမ်းလွှဲမှ သွားလာစေမည်ဖြစ်ကြောင်းသိရသည်။
ယာယီလမ်းလွှဲမှာ ပန်းဆိုးတန်းမှတ်တိုင် (Ruby Mart) မှ ထွက်ခွါလာပြီးလျင် ဘိုအောင်ကျော်လမ်းသို့ ရောက်သောအခါ လက်ယာဘက်သို့ချိုးကွေ့ပြီး၊ ထိုမှတစ်ဆင့် မဟာဗန္ဓုလလမ်းသို့ ရောက်ရှိပါက လက်ဝဲဘက်သို့ ထပ်မံချိုးကွေ့ကာ ၎င်းလမ်းအတိုင်း ဆက်လက်မောင်းနှင်မည်ဖြစ်သည်။
ထို့နောက် အိုးရှင်းမှတ်တိုင်မှ ထွက်ခွါလာပြီးလျင် မဟာဗန္ဓုလတံတား၏ လက်ယာဘက်အောက် ချဉ်းကပ်လမ်းမှတစ်ဆင့် လက်ဝဲဘက်သို့ချိုးကွေ့ပြီး သီတာဆိပ်မှတ်တိုင်သို့ ရောက်ရှိမည်ဖြစ်သည်။ သီတာဆိပ်မှတ်တိုင်မှ အောက်ပုဇွန်တောင်လမ်းအတိုင်း ဆက်လက်ထွက်ခွါလာပြီး ပုဇွန်တောင်ဈေးမှတ်တိုင်သို့ ရောက်ရှိပါက မူလပုံမှန်လမ်းကြောင်းအတိုင်း ပြန်လည်မောင်းနှင်မည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ယာယီလမ်းလွှဲမှ သွားလာရစဉ်တွင် (၄၆) လမ်း (ဗိုလ်ချုပ်အောင်ဆန်း) မှတ်တိုင်နှင့် လမ်း (၅၀) (ဗိုလ်ချုပ်အောင်ဆန်း) မှတ်တိုင်တို့ကို ရောက်ရှိမည်မဟုတ်ဘဲ ဘိုကလေးဈေး၊ (၄၆) လမ်း (မဟာဗန္ဓုလ)၊ လမ်း (၅၀) (မဟာဗန္ဓုလ)၊ ဂန္ဓီ၊ အိုးရှင်း၊ သီတာဆိပ်နှင့် ညောင်တန်းမှတ်တိုင်တို့ကိုသာ ရောက်ရှိဖြတ်သန်းမည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment