‘The Central Ginza’ အမည်ရ အဆင့်မြင့် ဈေးဝယ်နေရာစီမံကိန်းအား စတင်မိတ်ဆက်

Marga Landmark မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံသုံးအိမ်ရာ စီမံကိန်း The Central မှ ‘The Central Ginza’ ဟု အမည်ပေးထားသည့် အဆင့်မြင့် ဈေးဝယ်နေရာ စီမံကိန်း အသစ်တစ်ခုအား စတင်မိတ်ဆက်ခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားအား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်ကုမ္ပဏီများ၊ စီမံကိန်းတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် အတူ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ The Central Gallery Showroom တွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အဆင့်မြင့် ဈေးဝယ်နေရာ ‘The Central Ginza’ တည်ဆောက်ရေး စီမံကိန်းအား ကန်ဘဲ့လမ်းပေါ်တွင် ယခုစတင်နေပြီ ဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူလူထုအား ဖွင့်လှစ်ပေးသွားနိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။

“အခြားနိုင်ငံတကာက အထင်ကရ မြို့ပြကြီးတွေကို ကြည့်မယ်ဆိုရင် ခမ်းနားကြီးကျယ်လှတဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် ဈေးဝယ်နေရာတွေကို တွေ့ရှိနိုင်တဲ့နည်းတူ ရန်ကုန်မြို့မှာလည်း ဈေးဝယ်ဖို့အတွက် သီးသန့်မဟုတ်ပဲ လာရောက် လည်ပတ်သူတိုင်း အဆင့်မြင့် လူနေမှုအဆင့်အတန်းကို ရရှိခံစားနိုင်စေမယ့် အပန်းဖြေနေရာတစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးသွားတော့မှာ ဖြစ်ပါတယ်။ အခု Marga Landmark ကနေတာဝန်ယူတည်ဆောက်နေတဲ့ The Central အဆင့်မြင့် ဘက်စုံသုံးအိမ်ရာ စီမံကိန်းကို အကောင်းမွန်ဆုံး လူနေမှုဘဝပုံစံအတွက် ထောင့်ပေါင်းစုံကနေ အသေအချာ စဉ်းစားရေးဆွဲတည်ဆောက်နေတာနဲ့အညီ The Central Ginza အဆင့်မြင့် ဈေးဝယ်နေရာဟာလည်း ရန်ကုန်မြို့ရဲ့ လူနေမှု အဆင့်အတန်းကို ပိုမိုမြင့်မားလာစေမှာ အသေအချာပါပဲ” ဟု Marga Group ၏ ဒါရိုက်တာ John Barnes မှ ပြောကြားသည်။

ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတွင် ခေတ်မီလှပစွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်သွားမည့် အထပ်ပေါင်း ၁၂ လွှာ ပါဝင်သည့် ‘The Central Ginza’ သည် စုစုပေါင်း နေရာအကျယ်အဝန်း ဧရိယာ ၁၉,၀၀၀ စတုရန်းမီတာခန့် ပါရှိမည်ဖြစ်ပြီး အမျိုးအစား စုံလင်လှသော ဈေးဝယ်နေရာများ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ ပါရှိမည်ဖြစ်ကြောင်းသိရသည်။

   





Comments