Pretty Little Liars ကို အာရှ၌ ပြန်လည်ရိုက်ကူးတင်ဆက်သွားမည်
PCCW မီဒီယာအုပ်စု၏ ထိပ်တန်း OTT ဗီဒီယို ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Viu မှ အံ့သြဖွယ်ရာအဖြစ်အပျက်များကို ရိုက်ကူးတင်ဆက်ထားသည့် Pretty Little Liars ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးတင်ဆက်ရန်အတွက် နိုင်ငံတကာ ရုပ်သံထုတ်လုပ်ရေး Warner Bros International Television Production (WBITVP) နှင့် ပူးပေါင်းခဲ့သည်။
Viu ၏ ရည်မှန်းချက်မှာ နိုင်ငံတကာ ထုတ်လုပ်မှု အရည်အသွေးရှိသည့် စိတ်ဝင်စားဖွယ် ပြည်တွင်းဇာတ်ကားများကို  ထုတ်လုပ်လိုခြင်းဖြစ်သည်။ ၄င်းအား အကောင်အထည်ဖော်ရန်အတွက် အမေရိကန်နိုင်ငံ၌ အတွဲ ၇ တွဲပြသခဲ့ပြီး Teen Choice Awards ၃၆ ခု ရရှိခဲ့သည့် Pretty Little Liars ကို အရှေ့တောင်အာရှနိုင်ငံများအတွက် ဇာတ်ကြောင်းအခြေခံ ပြန်လည် ရိုက်ကူးခြင်းဖြစ်သည်ဟုသိရသည်။
“ကျွန်မတို့က ဒီလိုဇာတ်ကားကောင်းလေးတွေကို ပြည်တွင်းပရိတ်သတ်တွေအတွက် အသွင်တစ်မျိုးနဲ့ ပြန်ယူဆောင်လာပေးချင်တာ ဖြစ်ပါတယ်။ Pretty Little Liars က Viu ပရိတ်သတ်တွေ၊ အထူးသဖြင့် လူငယ်ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဒါကြောင့် အခုလို WBITVP နဲ့ ပူးပေါင်းပြီး ပရိတ်သတ်ဆီအရောက်ယူဆောင်လာပေးနိုင်မှာဖြစ်လို့ ဝမ်းသာမိပါတယ်။” ဟု PCCW မီဒီယာအုပ်စု၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Ms. Janice Lee မှ ပြောကြားသွားခဲ့ပါသည်။
“Viu က ပြည်တွင်းရုပ်ရှင်ဈေးကွက်မှာ ဦးဆောင်နေပါတယ်။ အခုလို သူတို့နဲ့ ပူးပေါင်းပြီး Pretty Little Liars ဇာတ်ကားကို အရှေ့တောင်အာရှအတွက် အသွင်တစ်မျိုးနဲ့ ပြန်ဖန်တီးဖို့ ကျွန်တော်တို့ အရမ်းပဲ စိတ်လှုပ်ရှားနေမိပါတယ်။ ထွက်ရှိလာတဲ့အခါမှာလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု WBITVP မှ Senior Vice President, Creative, Format Development and Sales ဖြစ်သူ Mr. Andrew Zein မှ ပြောကြားသွားခဲ့ပါသည်။
အဆိုပါ ဇာတ်ကားကို ဆုများရှင် ဒါရိုက်တာ Emil Heradi မှ ရိုက်ကူး၍ ယခုနှစ်ကုန်ပိုင်းတွင် ပြသသွားရန် စီစဉ်ထားပြီး Viu ဝန်ဆောင်မှု ရရှိလျက်ရှိသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဇာတ်ကားအတွင်းတွင် Hanna အဖြစ် Geraldine, Ema အဖြစ် Eyka Farhana, Sabrina အဖြစ် Valerie Thomas, Aria အဖြစ် Shindy Huang, Alissa အဖြစ် Yuki Kato အစရှိသည့် ပါရမီပြည့်ဝသည့် သရုပ်ဆောင်များမှ ပါဝင်ထားကြကြောင်းသိရသည်။
Comments