မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည့် Mobile Legends BB World Championship (M1) ပြိုင်ပွဲကြီသို့Burmese Ghouls အသင်းသွားရောက်ရှင်ပြိုင်ခွင့်ရရှိ







အရှေ့တောင်အာရှတွင် နာမည်ကျော်လူကြိုက်အများဆုံး ဗီဒီယို  ဂိမ်းတစ်ခုဖြစ်သော Mobile Legends မှ ၎င်း၏ မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် Mobile Legends Professional League (MPL) ပြိုင်ပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်အတွင်းရှိ Yangon Convention Center(YCC) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုပြိုင်ပွဲတွင် မြန်မာလူငယ်ဂိမ်းကစားသမားအသင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း  အမေရိကန်ဒေါ်လာ ၂၆၀၀၀ တန်ဖိုးရှိ ဆုကြေးငွေများပေးအပ်ခဲ့သည်။ ချန်ပီယံအသင်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည့် နိုင်ငံတကာအဆင့် Mobile Legends BB World Championship (M1) ပြိုင်ပွဲကြီးသို့ သွားရောက်၍ အခြားနိုင်ငံမှ ထိပ်တန်းကစားသမားများနှင့် ယှဉ်ပြိုင်ကစားနိုင်မည့် စိတ်လှုပ်ရှားဖွယ် အခွင့်အရေးကြီးကိုလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာတွင် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Moonton technology မှ စီစဉ်ကျင်းပသော Mobile Legends Professional League (MPL) ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲများအနက် နာမည်ကျော်လူကြိုက်အများဆုံးပြိုင်ပွဲတစ်ခု ဖြစ်ပြီး ဤပြိုင်ပွဲကို Telenor, KBZ နှင့် Huawei တို့မှ အဓိက စပွန်ဆာများအဖြစ် ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရသည်။
Moonton Technology ၏ E-sport manager ဖြစ်သူ Zhaung Zhong က “မြန်မာနိုင်ငံက ကျွန်တော်တို့အတွက်  အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့အတွက် အခုလို Mobile Legends Professional League (MPL) ကို မြန်မာနိုင်ငံမှာ Season 3 စီစဉ်ကျင်းပနိုင်လာခဲ့တဲ့အတွက် စိတ်လှုပ်ရှားပြီး ပျော်ရပါတယ်။ အရင်ကတည်းက မြန်မာမှာ ကျွန်တော်တို့  တောက်လျှောက်ပြိုင်ပွဲ တော်တော်များများ စီစဉ်ခဲ့ပြီးပါပြီ။ အဲဒီပွဲတွေမှာ တကယ်ကို အရည်အချင်းရှိပြီး ပါရမီရှိတဲ့ မြန်မာ လူငယ်ကစားသမားတွေ အများကြီးရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ မြန်မာနိုင်ငံ E-sports ကဏ္ဍကို အခုလက်ရှိရှိနေတဲ့  အခြေအနေထက် ပိုတိုးတက်အောင်၊ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက် လာအောင် ပံ့ပိုးကူညီပေးသွားဖို့နဲ့ မြန်မာ့ Esports ကစားသမားအဖွဲ့တွေကို နိုင်ငံတကာဂိမ်းပြိုင်ပွဲကြီးတွေအထိ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ဖို့ တတ်နိုင်သလောက်  လက်တွဲကူညီပေးသွားချင်တာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ” ဟု ပြောကြားသွားသည်။
မြန်မာနိုင်ငံ Mobile Legends Professional League (MPL) Season 3 အတွက် Registration ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကစားသမားအသင်း ၂၅၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပထမအဆင့် အွန်လိုင်းပြိုင်ပွဲတွင်  အသင်းများကို အဖွဲ့ ၄ ဖွဲ့ ခွဲထားပြီး ယှဉ်ပြိုင်စေခဲ့ရာ အနိုင်ရရှိခဲ့သော အသင်းများဖြစ်ကြသည့် Mega Myanmar, Team Cyanide, Outworld နှင့် Narcos Esport တို့အပြင် Mobile Legends Professional League (MPL) Season 2 မှ တိုက်ရိုက်တက်လှမ်းခွင့် ရရှိခဲ့သော အသင်း ၄ သင်း YG, BG, Claw နှင့် Illusion စုစုပေါင်း အသင်း ၈ သင်းမှ  ဒုတိယအဆင့် Regular Season ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရခဲ့ကြသည်။ ထို့အဆင့်ပြိုင်ပွဲများမှ Season 3 ကျင်းပသော  ဖိုင်နယ်ပြိုင်ပွဲကြီးကို အသင်း ၆ သင်းမှ တက်ရောက်ရန် အရည်အချင်း ပြည့်မီခဲ့ပြီး ထိုအသင်းများမှာ Burmese Ghouls, Team Cyanide, Claw Esports, Mega Myanmar, Outworld Esports နှင့် Yangon Galaticos တို့ဖြစ်ကြသည်။ ပြိုင်ပွဲတွင် ထိုအသင်း ၆သင်းမှ ချန်ပီယံဆုနှင့် မလေးရှားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည့် အခွင့်အရေးအတွက်  အချင်းချင်း ယှဉ်ပြိုင်ကစားခဲ့ကြ
ကြောင်းသိရသည်။

Comments