ငွေရေးကြေးရေးလုပ်ငန်း ဖိုရမ်ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်

မန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေး လုပ်ငန်းနယ်ပယ်အား ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်  ရည်မှန်းချက်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပထမဆုံးအကြိမ်မြောက် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖိုရမ် (Myanmar Microfinance Forum) ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော် PARKROYAL ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်
ဖြစ်သည်။

 အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံရှိ အသေးစားငွေရေးကြေးရေးကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ်ကြီးများ  စည်းဝေးတွေ့ဆုံကြမည်ဖြစ်ပြီး အသေးစားငွေရေးကြေးရေး လုပ်ငန်း နယ်ပယ်အတွင်းရှိ စည်းမျဉ်းဥပဒေများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အပါအဝင် ပြည်တွင်းရှိ အသေးစား  ငွေရေးကြေးရေး လုပ်ငန်းနယ်ပယ်အတွင်း ပြောင်းလဲတိုးတက်လာမှုများကို ဆွေးနွေးပြောကြားမည် ဖြစ်သည်။

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (MFIs) များအတွက် လိုက်နာဆောင်ရွက်သင့်သည့် နည်းဗျုဟာ များကို ဆန်းစစ်လေ့လာနိုင်ရန် ဝေမျှသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများ၏ လူမှုပန်းတိုင် လုပ်ငန်းစဉ်များ အောင်မြင် ပြီးမြောက်စေခြင်းဖြင့် ပိုမိုတည်တံ့ခိုင်မြဲသည့် အသေးစားငွေရေးကြေးရေးကဏ္ဍ တစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူပြုနိုင်မည်
 ဖြစ်သည်ဟုသိရသည်။


မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌ ဦးမင်းအောင် က “စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အတူလက်တွဲပြီး ပထမဆုံးအကြိမ်မြောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖိုရမ်ကို စတင်ကျင်းပခွင့် ရတဲ့အတွက် တစ်ကယ့်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဖိုရမ်မှာ အသေးစားငွေရေးကြေးရေးကဏ္ဍအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်ကြမှာဖြစ်လို့ မြန်မာနိုင်ငံမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ အထောက်အပံ့ ဖြစ်မှာပါ။ ဥပဒေပြု အဖွဲ့အစည်းတွေနဲ့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေကြားက ပေါင်းကူးတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းအနေနဲ့ လွန်ခဲ့တဲ့ (၃) နှစ်ကျော်ကာလအတွင်း နှစ်စဉ်နှစ်တိုင်း အသေးစားငွေရေးကြေးရေး ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုနှုန်း (၁၅၀) ရာခိုင်နှုန်း စီတိုးမြင့်လာပြီး အရင်ကထက် တိုးတက်ကောင်းမွန်မှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ငွေချေးတဲ့သူတွေ အများစုက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့၊ တိုးချဲ့ဖို့  ငွေချေးတာဆိုတော့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ငွေကြေးကဏ္ဍ တည်ဆောက်မှု အရှိန်ကို မြှင့်တင်ပေး နိုင်ဖို့ဆိုရင် အသေးစားငွေရေးကြေးရေးကဏ္ဍဟာ အဓိက အလေးထားဆောင်ရွက်ရမယ့် ကဏ္ဍတစ်ခုပါ။ ခြုံပြီး  ပြောရရင် လက်ရှိ အသေးစားငွေရေးကြေးရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အားလုံး အတူတကွ ပူးပေါင်းဖြေရှင်းထားဖို့ လိုပါတယ်။ ဒါမှ လာမယ့်နှစ်တွေအတွင်း ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ကျရောက်နေတဲ့ ပြည်သူတွေကို ပိုပြီး ထောက်ပံ့ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖိုရမ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF)၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (FRD) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသည့် အသေးစား  ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ SME နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ၊ နည်းပညာ ကုမ္ပဏီများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်လုပ်ငန်းများမှ ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော် တက်ရောက်ဆွေးနွေးကြမည် ဖြစ်ပါသည်။ ယခု ကျင်းပပြုလုပ်မည့် ဖိုရမ်ကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ် ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT)၊ အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် နိုင်ငံတကာ အသေးစားငွေရေးကြေးရေးကဏ္ဍပံ့ပိုးကူညီရေး အဖွဲ့အစည်း ADA တို့မှ ပံ့ပိုးကူညီ ထားကြောင်းသိရသည်။



Comments