Visa ၏ လေ့လာဆန်းစစ်ချက်အရ ငွေသားကိုင်တွယ်သုံးစွဲရန်မလိုသည့် ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာကြလိမ့်မည်ဟုခန့်မှန်း

 ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa က “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်) မှ ထပ်မံတွေ့ရှိချက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။

ယင်းလေ့လာဆန်းစစ်ချက်သည်  ငွေပေးချေမှုနှင့် ထွက်ပေါ်လာသော ငွေပေးချေမှုနည်းလမ်းအသစ်များ၁ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံ နားလည်မှု၊ သဘောထားနှင့် အလေ့အကျင့်များအကြောင်းကို တိကျနက်နဲစွာ လေ့လာသုံးသပ်ထားသော  အစီရင်ခံစာ တစ်ရပ် ဖြစ်သည်။

လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည် ငွေသားကိုင်တွယ်သုံးစွဲရန်မလိုသော ငွေပေးချေမှုနည်းလမ်းများကို လာမည့်နှစ်အတွင်း ပိုမိုအသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းကြသည်။ ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သော  ငွေပေးချေမှုနည်းလမ်းများကို အသုံးပြုလိုသည့် အဓိက အကြောင်းအရင်းများမှာ အဆင်ပြေလွယ်ကူခြင်း (၆၉ ရာခိုင်နှုန်း)၊ လုံခြုံစိတ်ချရခြင်း (၅၈ ရာခိုင်နှုန်း) နှင့် သုံးစွဲသူတို့အနေဖြင့်ငွေသားသယ်ဆောင်သွားမှု မပြုတော့ခြင်း (၅၂ ရာခိုင်နှုန်း) တို့ပင်ဖြစ်သည်ဟုသိရသည်။

“ငွေသားကိုင်တွယ်သုံးစွဲဖို့ မလိုအပ်ခြင်းရဲ့ ကောင်းကျိုးတွေကို မြန်မာနိုင်ငံသား သုံးစွဲသူအများအပြားက ပိုမိုနားလည် သိရှိ လာတဲ့အလျောက် အီလက်ထရောနစ်ငွေပေးချေမှုတွေကို လက်ခံအသုံးပြုလိုမှု ပိုမိုများပြားလာတာကို တွေ့ရှိရတဲ့အတွက် ကျွန်မတို့ အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့အစီအစဉ် အထမြောက်အောင် အားပေး လုပ်ဆောင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာအသိုင်းအဝန်းနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း အီလက်ထရောနစ် ငွေပေး  ချေမှုတွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြှင့်တက်လာတဲ့အချက်ကို အသိအမှတ်ပြုလာကြပါပြီ။ အခုလို ငွေသားကိုင်တွယ်  သုံးစွဲခြင်းကနေ အီလက်ထရောနစ်ငွေပေးချေမှုဆီ အသွင်ပြောင်းလဲလာတာဟာ လူတိုင်းအတွက် အကျိုးအမြတ် မြောက်မြားစွာ ဖြစ်ထွန်းစေတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က ပြောကြားခဲ့ပါသည်။

ဤလေ့လာဆန်းစစ်ချက်အရ ငွေသားကိုင်တွယ်သုံးစွဲရန်မလိုအပ်သည့် ငွေပေးချေမှုနည်းလမ်းများကို အများဆုံးအသုံးပြုမှု ရှိရန် ရည်ရွယ်ထားသော နေရာ ၄ ခုမှာ စူပါမားကတ်နှင့် ဟိုက်ပါမားကတ်များ (၆၆ ရာခိုင်နှုန်း)၊ ရှော့ပင်းမောလ်များ (၅၇ ရာခိုင်နှုန်း)၊ စားသောက်ဆိုင်များ (၅၂ ရာခိုင်နှုန်း) နှင့် စတိုးဆိုင်များ (၅၀ ရာခိုင်နှုန်း) တို့ ဖြစ်ကြကြောင်းသိရသည်။

မြန်မာနိုင်ငံသားများသည် နိစ္စဓူဝငွေပေးချေမှုများအတွက် ငွေသားကို အဓိကထား အသုံးပြုကြသော်လည်း ငွေသား
ကိုင်တွယ်သုံးစွဲမှုမပြုရန် တတ်နိုင်သရွေ့ကြိုးစားခဲ့သည်ဟု ဖြေကြားခဲ့သူမှာ ယမန်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာ  ယခုနှစ်တွင်မူ ၂၆ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။ ထို့အပြင် ယမန်နှစ်က ဖြေဆိုသူ ၂၅ ရာခိုင်နှုန်းက အချိန်ကာလ တစ်လထက်ကျော်လွန်၍ ငွေသားကိုင်တွယ်သုံးစွဲမှုမပြုဘဲ နေထိုင်သွားနိုင်သည်ဟု ယုံကြည်ကြသော်လည်း  ယခုနှစ်တွင်မူ  ၃၆ ရာခိုင်နှုန်းက ထိုသို့ယုံကြည်နိုင်ကြောင်း ဖြေကြားခဲ့သည်ဟုသိရသည်။

ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သည့် ငွေပေးချေမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ ယမန်နှစ်တွင် ဖြေဆိုသူ ၁၃ ရာခိုင်နှုန်း ကသာ Contactless ကတ်များအကြောင်း သိရှိသည်ဟုဖြေကြားခဲ့ပြီး ယခုနှစ်တွင်မူ ယင်းကဲ့သို့ ဖြေဆိုသူသည်
၂၁ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ပြီး ဖြေဆိုသူ ထက်ဝက်နီးပါးမျှ (၄၈ ရာခိုင်နှုန်း) သည် နေ့စဉ်ဝယ်ယူ သုံးစွဲမှုများ အတွက် ဤနည်းလမ်းဖြင့် ငွေပေးချေမှုပြုလုပ်ရန် စိတ်ဝင်စားကြကြောင်းသိရသည်။

Contactless ငွေပေးချေမှုကတ်များကို အသုံးပြု ရာတွင် သုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူသော ကုန်ပစ္စည်းများနှင့် သုံးစွဲသောဝန်ဆောင်မှုများအတွက်  ငွေပေးချေသော  စက် (Payment Terminal) တွင် ကတ်ကို ဖြတ်ရန် သို့မဟုတ် ထည့်သွင်းရန်မလိုအပ်ဘဲ ကတ်များကို စက်အနီး ထိရုံဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။
မြန်မာနိုင်ငံသား သုံးစွဲသူများအနေနှင့် အခြားသောငွေပေးချေမှုနည်းလမ်းအသစ်များအပေါ်၌လည်း စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိရသည်။
မိုဘိုင်းလ်ဖုန်းအသုံးပြု Contactless ငွေပေးချေမှုစနစ်တွင် သုံးစွဲသူ၏ မိုဘိုင်းလ်ဖုန်းဖြင့် စတိုးဆိုင်များတွင်ရှိသော  မိုဘိုင်းလ်ဖုန်းဖတ်သည့်စက် သို့မဟုတ် ငွေပေးချေမှုစက်တွင် Scan ဖတ်ရုံဖြင့် ပေးချေနိုင်၍ ဖြေဆိုသူ ၁၀ ဦးတွင် ၁ ဦး က  (၁၀ ရာခိုင်နှုန်း) မိုဘိုင်းလ်ဖုန်းအသုံးပြု Contactless ငွေပေးချေမှုအကြောင်း နားလည်သိရှိကြပြီး၊ ထက်ဝက်နီးပါးခန့် (၄၆ ရာခိုင်နှုန်း) မှာမူ ယင်းနည်းလမ်းကို အသုံးပြုရန် စိတ်ဝင်စားကြသည်ဟုသိရသည်၊

“ကျွန်မတို့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်မတို့ရဲ့ ကမ္ဘာတစ်ဝန်း ချိတ်ဆက် ထားတဲ့ ကွန်ယက်ကို အသုံးပြုပြီး ဂေဟစနစ်မှာရှိတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီ အပါအဝင်၊ သုံးစွဲသူတွေကစပြီး၊ အသေးစားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအထိ အကျိုး ဖြစ်ထွန်းစေအောင် ဆန်းသစ်တီထွင်ထားတဲ့ ငွေပေးချေမှုနည်းလမ်းသစ်တွေကို ဆောင်ကျဉ်းပေးသွားမှာပါ။ အလားတူ အရေးကြီးတဲ့အချက်ကတော့ အီလက်ထရောနစ်ငွေပေးချေမှုရဲ့ ကောင်းကျိုးရလဒ်တွေကို ယူဆောင် လာပေးဖို့ရာ Visa အနေနဲ့ စီးပွားရေးမိတ်ဖက်တစ်ဦးခြင်းစီနဲ့ ဘယ်လိုပုံဖော်လုပ်ဆောင်သွားမယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်ပြီးကြိုးစားကူညီဆောင်ရွက်သွားမှာပါ။” ဟု Lillian က နိဂုံးချုပ်  ပြောကြားခဲ့သည်။

  အဆိုပါ (သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း) စစ်တမ်းသည် ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့်  မကွေးမြို့ကြီးများရှိ လူဦးရေ ၅၀၄ ယောက်အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင်ကောက်ယူခဲ့သောစစ်တမ်းဖြစ်ကြောင်းသိရသည်။

Comments