ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ တိုက်ရိုက်ရရှိနိုင်မည့် UMFCCI Centennial International Expo 2019ကျင်းပမည်

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ၂၀၁၉ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် “ UMFCCI Centennial International Expo 2019 ” ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မှ (၂၂) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo)တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ချိတ်ဆက်မိမိလုပ်ကိုင်နိုင်စေရေး၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင်ရေး ရည်ရွယ်ချက်ဖြင့် UMFCCI Centennial International Expo 2019 ပြပွဲကြီးကို ကျင်းပခြင်းဖြစ်သည်။

ပြပွဲကြီးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်ပံ့ပိုးကူညီထားသည်။

ဂျာမနီ၊နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် ပြည်တွင်းလုပ်ငန်းရှင်များမှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်တွင်းအလှဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍတို့ ပါဝင်ပြသမည်ဖြစ်ကြောင်းသိရသည်။

“ ဒီပြပွဲကြီးက မြန်မာနိုင်ငံရဲ့ တိုင်း/ပြည်နယ် က ဒေသထုတ်ကုန်များကို နိုင်ငံတွင်းကနေတဆင့် ကမ္ဘာကသိအောင် ချပြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက စီးပွားရေးမိတ်ဖက်တွေနဲ့ အတူတကွ ပူးပေါင်းပြီး နိုင်ငံ့အကျိုးစီးပွားတိုးတက်ဖို့ ပါဝင်ဆောင်ရွက်သွားကြမှာပါ၊”ဟု အသင်းချုပ်ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးကပြောသည်။

နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းများမှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ (Value Added နှင့် Semi Finished Products)များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင်ပြသသွားမည်ဖြစ်သည်။ တက်ရောက်သူပေါင်း ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျော် မျှော်မှန်းထားပြီး ပြပွဲကို သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။

ပြပွဲကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်မှ “ပြပွဲကြီးက ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအခွင့်အလမ်းများ အကောင်းဆုံးရရှိလာနိုင်မှာပါ။ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ့်ဒေသထွက်ကုန်များကို ဒီပွဲမှာ Highlight ပြသစေချင်လို့ပါ၊ မြန်မာနိုင်ငံရဲ့စီးပွားရေးအင်အားတောင့်တင်း ခိုင်မာစေဖို့ အဓိကရည်ရွယ်တာပါ ” ဟု ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ဒေသတွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် SME လုပ်ငန်းရှင်များအတွက် ပြခန်းများကို အခမဲ့စီစဉ်ပေးထားသည့်အပြင် အသင်းချုပ် ညီနောင်အသင်းများအတွက်လည်း ပြခန်းပေါင်း( ၃၅ )ခန်းကို အခမဲ့ပံ့ပိုးကူညီထားကြောင်းလည်းသိရသည်။

ပြပွဲအခမ်းအနားတွင် ဆွေးနွေးပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ့စီးပွားရေးကွန်ယက် (“Myanmar Network for Sustainable Development (MNSD)”၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကနဦးခြေလှမ်းများ (“Economic Development Initiatives in Myanmar”) စသည့် ဆွေးနွေးပွဲများ လည်းကျင်းပသွားမည် ဖြစ်သည်။

Comments