UK အခြေစိုက် Clean Bandit Band ၏ သီချင်းကို တရားဝင် ပြန်လည်ဆန်းသစ်သီဆိုမည့် ”ရေမွန်”

  Clean Bandit ၏ နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်သည့် Rockabye သီချင်းအား Raymond မှ ၎င်း၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြင့် ဆန်းသစ်သည့် အသွင်သစ်ကို ဖန်တီးပြုလုပ်သွားမည်ဖြစ်သည်။

Clean Bandit အဖွဲ့သည် UK မှ ကျော်ကြားသည့် Electronic Music Band အဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့သည် မတူညီသည့် ဂီတအမျိုးအစားများကို ရောနှောပေါင်းစပ်ပြီး ဂီတအသစ်များ တီထွင်ဖန်တီးခြင်းကြောင့် လူသိများသည့်အဖွဲ့ ဖြစ်သည်ဟုသိရသည်။

“အနုပညာရှင်ဆိုတာ ဂီတအသစ်တွေကို လက်ခံဖန်တီးနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့ Clean Bandit အဖွဲ့ကို စတင်ဖွဲ့စည်းကတည်းက ဂီတပုံစံအသစ်အသစ်တွေကို စမ်းသပ်ဖန်တီးတာမျိုးတွေ အမြဲလုပ်နေခဲ့ တာပါ။ နိုင်ငံတကာက အနုပညာရှင်တွေက ကျွန်တော်တို့သီချင်းကို ဘယ်လိုပုံစံအသစ်တွေဖြစ်လာအောင် ဖန်တီးမလဲ ဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပါတယ်။” ဟု Clean Bandit အဖွဲ့ဝင် တစ်ဦးဖြစ်သည့် Luke Patterson မှ ပြောကြားသည်။

ကိုယ်ပိုင်ဟန်ဖြင့် ဆန်းသစ်သောတေးဂီတဖန်တီးတတ်ခြင်းကြောင့် လူသိများထင်ရှားသည့် အဆိုတော် Raymond မှ Clean Bandit ၏ နာမည်ကြီးသီချင်း Rockabye သီချင်းအား ပြန်လည်သီဆိုမည်ဖြစ်ပြီး ထိုသီချင်းသည် ပရိတ်သတ် များအား မတူညီသည့် စိတ်ခံစားမှု၊ အမြင်သစ်များဖြင့် အံ့သြစိတ်လှုပ်ရှားစေနိုင်လိမ့်မည်ဟု Raymond နှင့် Clean Bandit အဖွဲ့တို့မှ မျှော်လင့်နေကြကြောင်းသိရသည်။

“လုပ်နေကျ လုပ်ဖူးပြီးသားတွေကိုပဲ လုပ်နေတာထပ်စာရင် ကျွန်တော့်ပရိတ်သတ်တွေအတွက် ဂီတပုံစံ အသစ်တွေကို ဖန်တီးပေးချင်တာပါ။ ကျွန်တော်ပြန်လည်ဖန်တီးသီဆိုထားတဲ့ Clean Bandit ရဲ့ သီချင်း cover ကို ပရိတ်သတ်တွေ ကြားရရင် သေချာပေါက်အံ့သြကြမှာပါ။ ဒီလို ဖန်တီးရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ သီချင်းပုံစံအသစ်ကို နားထောင်ပြီး ဆန်းသစ်တီထွင်မှု၊ အတွေ့အကြုံသစ်တွေကို ခံစားကြစေချင်လို့ပါ။ ဂီတမှာ သတ်မှတ်ထား တဲ့ ဘောင်တွေ၊ ကန့်သတ်ချက်တွေ မရှိပါဘူး။ ဒါကြောင့် ဒီပရောဂျက်မှာ ကျွန်တော်က သူ့ရဲ့ မူလသီချင်းကို ဒီအတိုင်း ပြန်ဆိုတာမဟုတ်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အလှအပ၊ တန်ဖိုးတွေကို ထင်ဟပ်စေမယ့် အကြောင်းအရာတွေကို သီချင်းစာသားအနေနဲ့ ထည့်ပြီးဆိုထားပါတယ်။ ဒါကြောင့် ဒီသီချင်းလေးက အားလုံးအတွက် လုံးဝကို အသစ်အဆန်း ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။” ဟု Raymond မှ ပြောကြားသည်။






Comments