Predator League 2020 esport game ပြိုင်ပွဲ Acer myanmar နှင့် X gaming တို့ပူးပေါင်း၍ ကျင်းပမည်
Acer myanmar နှင့် X gaming တို့ပူးပေါင်း၍ Predator League 2020 esport game ပြိုင်ပွဲကျင်းပမည့် ၎င်းစာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ( ၅ ) ရက်နေ့က ရန်ကုန်မြို့၊ Vista Sports Bar တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Acer myanmar ၏ ပထမအကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံတွင်ကျင်းပသော Predator League 2019 ကို နောက်ဆုံးပွဲစဉ်များအထိ မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ယခုနှစ်တွင်လည်း 2020 ပြည့်နှစ် ဖေဖေါ်ဝါရီလတွင် e-sport ပြိုင်ပွဲကြီးအား ကျင်းပသွားမည်ဖြစ်သည်။ပြိုင်ပွဲကြီးကို "Predator League Myanmar Local Qualifier 2020" ခေါင်းစဉ်ဖြင့်ကျင်းပသွား မည်ဖြစ်ပြီး Acer Myanmar နှင့် X gaming တို့မှ ကြီးမှူး၍ ကျင်းပမည်ဟုသိရသည်။
" အရင်နှစ်ကပွဲကိုလည်း ကြည့်ုဖြစ်ကြမယ်ထင်ပါတယ် ဒီနှစ်တော့ ဆုကြေးလည်းတိုးလာတာဆိုတော့ တစ်နှစ်ထက်တစ်နှစ်ပိုပြီးတိုးတက်လာဖို့ပဲရှိပါတယ်။ ဒီ e-sport ပွဲတွေက ပြည်တွင်းမှာတော့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရှိနေပါတယ်။ နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အခွင့်အရေးဆိုတာ မနည်းပါဘူး၊ ဒီပွဲကို acer နဲ့အတူ ပူးပေါင်းပြီးစီစဉ်ခွင့်ရတာကိုလည်းဂုဏ်ယူပါတယ်"ဟု X gaming မှ ဦးဆောင်စီစဉ်သူ ကိုဘုန်းမို မှပြောကြားသည်။
ယခုကျင်းပမည့် e- sport ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင်ကျင်းပသည့် e-sport ပြိုင်ပွဲများအနက် Dota 2 အား နိုင်ငံတကာတွင်သွားရောက်ယှဉ်ပြိုင်မည့် အခွင့်အရေးတစ်ခုအပါအဝင်ဖြစ်ပြီး အာရှ-ပစိဖိတ် ဒေသအတွင်း နိုင်ငံများနှင့်ပါ ထိတွေ့ခွင့်ရရှိမည်ဖြစ်သည်။ acer Myanmar မှ ပြိုင်ပွဲဆုကြေးအဖြစ် မြန်မာကျပ်ငွေ ၅ သန်း ထားရှိထားပြီး ပထမ၊ ဒုတိယ၊တတိယ ဆုများခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပြီး ပထမဆုရရှိသည့် အသင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပမည့် Predator League 2020 သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဟုသိရသည်။
ပြိုင်ပွဲတွင် အသင်း(၆၀)ပါဝင်ယှဉ်ပြိုင်ရန်လျာထားပြီး အုပ်စုအလိုက် ရှုံးထွက်ပွဲစဉ်များ ကစားရမည်ဖြစ်သည်။ပါဝင်ယှဉ်ပြိုင်မည့်အသင်းများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို အချက်အလက် ပြည့်စုံစွာဖြည့်သွင်းပြီး အောက်ဖော်ပြပါပြိုင်ပွဲကျင်းပရေးကော်မတီလိပ်စာသို့ ၂၀၁၉ ခုနှစ် စက်တင်လ(၁၃)ရက်နေ့နောက်ဆုံးထား၍ အချိန်မီပေးပို့ရန်လိုကြောင်းသိရသည်။

Comments
Post a Comment