ပြိုင်ပွဲကိုလာရောက်အားပေးပြီးလက်ဆောင်များ စွာရရှိနိုင်မည့် OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲကြီး

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍကို ပိုမို တိုးတက်စေရန်နှင့် မြန်မာ Esports လူငယ်ကစားသမားများကို နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်  ကူညီပံ့ပိုးပေးလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ Online/Offline ဂိမ်းပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ  ယခု တဖန် OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပထမအဆင့် Online ဂိမ်းပြိုင်ပွဲကို စက်တင်ဘာလ (၁၇) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

ဤပြိုင်ပွဲတွင် OPPO Myanmar မှ Title Sponsor ၊ Telenor Myanmar မှ Main Sponsor အဖြစ် ပါဝင်ကူညီပေးထားပြီး မြန်မာနိုင်ငံအတွက် PUBG MOBILE ၏ အကြီးမားဆုံး တရားဝင် ပြိုင်ပွဲ တစ်ခုလည်းဖြစ်ကာ ဆုကြေးငွေ ပမာဏ အများဆုံး ပေးအပ်သွားမည့် Esports ပြိုင်ပွဲကြီးဖြစ်ကြောင်းသိရသည်။

ပေးအပ်သွားမည့် ဆုများအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၁၅,၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၈,၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၆,၀၀၀၊ စတုတ္ထဆု အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး အဆင့် (၅) မှ အဆင့် (၈) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ၊ အဆင့် (၉) မှ အဆင့် (၁၆) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၅၀၀ စီ ပေးအပ်ချီးမြှင့်သွားမည့်အပြင် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကိုလည်း ရရှိနိုင်မည်
ဟုသိရသည်။

ဖိုင်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၂၉  ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ဒုတိယထပ် Grand Ballroom တွင် ကျင်းပ သွားမည်ဖြစ်ပြီး နာမည်ကျော် Big Bag အဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်၊ Lucky Draw ကံစမ်းမဲ၊ Solo Room အပျော်ပြိုင်ပွဲ များအပြင် နာမည်ကြီး Streamer သမားများနှင့် Fan Match ပြိုင်ပွဲများ အစရှိသည့် စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

 ပြိုင်ပွဲကို လာရောက် ကြည့်ရှုအားပေးပြီး အစီအစဉ်များတွင် ပါဝင်သူများ ကိုလည်း PUBG MOBILE ၏ Official အကျီ၊ Level 3  ကျောပိုးအိတ်၊ ဦးထုပ် အစရှိသော ပစ္စည်းများနှင့်အတူ In-game Skin များကို လက်ဆောင်ပေးသွားမည် ဟုသိရသည်။

Comments