Industries Bank of Korea မှ Mr.Kim Do-jin(C.E.O) နှင့် မြန်မာနိုင်ငံရှိ (SME Development Bank ) ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် အလည်အပတ်ရောက်ရှိနေသော ကိုးရီးယားသမ္မတနိုင်ငံ သမ္မတကြီးမစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ကိုးရီးယားနိုင်ငံရှိ Industries Bank of Korea မှ Mr.Kim Do-jin(C.E.O) နှင့် မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SME Development Bank ) (အများပိုင်ဘဏ်)၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်တို့သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၄)ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ  Lottee Hotel တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယမြို့တော်ဝန်၊ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ် ဥက္ကဌဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှုးဦးအောင်ကြည်စိုး၊ IBK (Korea Bank) မှ အကြီးအကဲများနှင့် SME-Development Bank မှ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲနှင့် စာချုပ်လဲလှယ်ပွဲတွင် IBK(Korea Bank) နှင့် SME-Development Bank တို့သည် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာအချက်လက်များ၊ ဘဏ်နှစ်ခုကြားဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
ယခုလို စာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် SME- Development Bank ကိုအများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲပြီးချိန်တွင် နိုင်ငံတကာဘဏ်များဖြင့် ပထမဦးဆုံးအကြိမ် ဘဏ်အချင်းချင်းချိတ်ဆက်ဆောင်ရွက်သော အခမ်းအနားဖြစ်ပါသည်။ SME-Development Bank (ယခင် SMIDB)သည် Semi Government Bank အဖြစ်မှ ၂၀၁၆ ခုနှစ်တွင် အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ဒါရိုက်တာအဖွဲ့အသစ်အား ပြောင်းလဲခန့်အပ်ခဲ့သည်ဟုသိရသည်။
   ” ထိုသို့ပြောင်းလဲပြီးချိန်မှစ၍ ဘဏ်အား အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်မှဦးဆောင်ပြီး ခေတ်နှင့်လျော်ညီသော ပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များတွင်လည်း စီးပွားရေးအတွေ့အကြုံရှိသော လုပ်ငန်းရှင်များအား ခန့်အပ်ထားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း Transparency ရှိစွာဖြင့် အဂတိတရားကင်းစွာ ဆောင်ရွက်နေကြပါသည်။
    ၂၀၁၆ ခုနှစ်၊ ဇွန်လမှစပြီး ပထမဦးစွာ မြန်မာနိုင်ငံတဝှမ်းရှိ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းချေးငွေ(Staff Loan) ထုတ်ချေးခြင်းဖြင့် လူသိများခဲ့ပြီး၂၀၁၈ ခုနှစ်၊ မေလမှစ၍ SME လုပ်ငန်းရှင်များအား အာမခံပစ္စည်းရယူခြင်းမရှိပဲ ငွေကြေးလည်ပတ်မှုကိုအခြေခံ၍ ထုတ်ချေးသော SME-CFB Loan ချေးငွေအမျိုးစားကို ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ထုတ်ချေးပေးလျက်ရှိရာ လုပ်ငန်းရှင်များအတွက် အထောက်အကူပြုသော ဘဏ်တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပါသည်။
ယခုအခါတွင်လည်း ဘဏ်အနေဖြင့် ခေတ်နှင့်လျော်ညီစွာ Customer များအပေါ် ဝန်ဆောင်မှုပေးနိုင်ရန် (Core Banking System) အား ဒါရိုက်တာအဖွဲ့ဝင်များ၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖေါ်လျက်ရှိပါသည်။ အနာဂတ်တွင်လည်း ဘဏ်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်းနှင့် နိုင်ငံတကာအဆင့်မှီနည်းပညာများဖြင့် ဝန်ဆောင်မှုများအား တိုးချဲ့၍ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံတိုင်းတွင် အရေးပါသော SME Sector ဖွံ့ဖြိုးတိုးတက်စေရန်အတွက် SME-Development Bank မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အပ်ငွေအပ်လိုသော စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေစုဆောင်းလိုသော မိဘပြည်သူများ အနေဖြင့် မြန်မာပြည်၏တစ်ခုတည်းသော SME-Development Bank ကို ဆက်သွယ်၍ အပ်ငွေများအပ်နှံကြပါရန်နှင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေဝန်ဆောင်မှုပေးနေသည့် JICA Two Step Loan ချေးငွေရယူလိုပါက  SME-Development Bank ဖြင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်” ဟု အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန်မှပြောကြားသည်။

Comments