လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ကမ်ပိန်းတစ်ခု Grab နှင့် Samaritan’s Purse တို့ ပူးပေါင်း၍စတင်ဆောင်ရွက်မည်

Grabနှင့်နိုင်ငံတကာလူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်Samaritan’sPurseတို့သည်မြန်မာနိုင်ငံရှိလူမှုအသိုင်းအဝန်းအတွင်းတိတ်တဆိတ်ဖြစ်ပွားလျက်ရှိနေသည့်ရာဇဝတ်မှုတစ်ခုဖြစ်သည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ ပိုမို သတိပြုမိလာကြစေရန်နှင့် လူကုန်ကူးမှုအကြောင်း အသိပညာပေးရန် တစ်နှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည် ဖြစ်သည်။

ဤကနဦးလှုပ်ရှားမှုကိုGrabကလူတိုင်းအတွက်ပိုမိုစိတ်ချလုံခြုံရသည့် လူမှုဝန်းကျင်ကိုဖန်တီး တည်ဆောက်ရေးဖြစ်သည့် ၎င်း၏ ကတိကဝတ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့၊မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်တွင် ယနေ့ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင်လည်း ပူးပေါင်းပါဝင်ခဲ့သည်။ ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါ ရာဇဝတ်မှုများကို တားဆီး တိုက်ဖျက်နိုင်ရန် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်ဟုသိရသည်။

Grabနှင့်Samaritan’sPurseတို့အကြားပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်လူကုန်ကူးမှုနှင့်ပတ်သက်သောပညာပေးအချက်အလက်များကို ရေးသားပုံဖော်ပြီး Grab အက်ပလီကေးရှင်းအတွင်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေသွားမည်ဖြစ်သည့်အပြင် GrabTaxi များအတွင်းတွင်လည်း ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့်အတူ ခရီးသည်များ အလွယ်တကူ သတိပြုနိုင်မည့် စတေကာများနှင့် လက်ကမ်းစာစောင်များ ထားရှိပေးမည် ဖြစ်
ကြောင်းသိရသည်။

ထို့အပြင် Grab အနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဗီဒီယိုတစ်ခုရိုက်ကူးပုံဖော်ပြီးမိတ်ဖက်ယာဉ်မောင်းအသစ်များအား ပို့ချသည့် သင်တန်းများတွင် ပြသသွားမည် ဖြစ်သည်။ Samaritan’s Purse ကလည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများစွာကျင်းပပြုလုပ်ပြီးသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီးလိုအပ်သည့်သင်ထောက်ကူပစ္စည်းများကိုလည်းမျှဝေပေးသွားမည် ဖြစ်သည်။ အထူးသဖြင့် Grab နှင့် Samaritan’s Purse အဖွဲ့အစည်းနှစ်ခုစလုံးမှာလူကုန်ကူးခံရပြီးလွတ်မြောက်လာသူများကိုဘေးကင်းလုံခြုံရာသို့ပို့ဆောင်ပေးရန်တိုက်တွန်းအားပေးကူညီမှုများ ပြုလုပ်သွားမည် ဟုသိရသည်။

“လူကုန်ကူးမှုဆိုတာတိတ်တဆိတ်ဖြစ်ပွားနေတဲ့ရာဇဝတ်မှုတစ်ခုဖြစ်တဲ့အတွက်ဒီအကြောင်းကိုအများပြည်သူပိုပြီးသတိပြုမိလာအောင်နဲ့ကျွန်မတို့ရဲ့မိတ်ဖက်ယာဉ်မောင်းတွေကိုဒီလိုကြုံတွေ့နေရတဲ့သူတွေကို ကူညီပေးဖို့ အသိပညာပေးနိုင်အောင် Samaritan's Purse နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။နည်းပညာကိုအသုံးချပြီးပိုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးပေးတဲ့အနေနဲ့ ရန်ကုန်မှာ အကြီးမားဆုံး ယာဉ်မောင်းကွန်ရက်ဖြစ်တဲ့ကျွန်မတို့ရဲ့Grabမိတ်ဖက်ယာဉ်မောင်းတွေကို ဒီ အခက်အခဲနဲ့ ကြုံတွေ့နေရသူတွေကို ကူညီပေးဖို့ စည်းရုံးတိုက်တွန်းသွားမှာပါ။အငှားယာဉ်တွေနဲ့အငှားယာဉ်မောင်းတွေဟာ မရည်ရွယ်ဘဲ အဝေးပြေးကားဂိတ်တို့၊ လေဆိပ်တို့လို နေရာတွေမှာ လူကုန်ကူးတဲ့သူတွေ၊ လူကုန်ကူးခံရတဲ့ သူတွေနဲ့ အရင်ဆုံး ဆက်သွယ်မိတဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ဒေသခံပြည်သူတွေအတွက်မိတ်ဖက်ယာဉ်မောင်းတွေက နားနဲ့ မျက်စိလို စောင့်ကြည့်နားထောင်ပေးပြီး လိုအပ်ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ သတိပြုစေချင်ပါတယ်။ မြန်မာနိုင်ငံကို ပိုပြီး ဘေးကင်းလုံခြုံအောင် ဖန်တီးနိုင်ဖို့ အခြား မိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ဆောင်ရွက်သွားဖို့ မျှော်လင့် ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

ယခုကဲ့သို့ Grab နှင့် Samaritan’s Purse တို့၏ပူးပေါင်းလုပ်ဆောင်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော မိတ်ဖက်ယာဉ်မောင်း (၂၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့သည့် Grab Myanmar ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Samaritan’s Purse မှ ပထမဦးဆုံး အနေဖြင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အသိပညာပေးခြင်း အစီအစဉ်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။

“သယ်ယူပို့ဆောင်ရေးကဏ္ဍကလူကုန်ကူးမှုတားဆီးကာကွယ်ပေးရာမှာ အဓိကကျတဲ့ နေရာတစ်ခုကနေ ပါဝင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း Grab နဲ့ လက်တွဲပြီး သူတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေ အနေနဲ့လူကုန်ကူးနေတယ်ဆိုတာ သိနိုင်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို ကောင်းကောင်း နားလည်သိရှိထားပြီးသတိဝီရိယရှိရှိနဲ့စောင့်ကြည့်လေ့လာနိုင်အောင် ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိပါ တယ်” ဟု Samaritan’s Purse Myanmar မှ Country Director ဖြစ်သူ Paul McKnight က ပြောသည်။

 မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ချီးမြှင့်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လူကုန်ကူးမှု ဟာလူသားအချင်းချင်း စာနာမှု ကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးခံရမှုဟာ အရေးကြီးတဲ့ အခြေအနေ တစ်ခုမှာ ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး (၅) နှစ် စီမံကိန်းရေးဆွဲပြီး နှစ်အလိုက် လုပ်ငန်းစီမံချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမ္မဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မူဝါဒများကို ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး စတဲ့ လုပ်ငန်းကဏ္ဍ (၄) ခုကို အင်တိုက်အားတိုက်နဲ့ အကောင်အထည်ဖော်လျက် ရှိပါတယ်။” ဟု ပြောသည်။

သူက ထပ်မံပြီး “ဒီလို ဆောင်ရွက်ရာမှာ မြေပြင်အခြေအနေကို လေ့လာသုံးသပ်ဖို့ ကျွန်တော်တို့ရဲ့ စုဖွဲ့ထားတဲ့ အင်အားနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့  ဆောင်ရွက်မှုကို ပိုပြီး အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစား ရမှာပါ။ ဒီ အဖွဲ့အစည်းတွေရဲ့  ဆောင်ရွက်မှုကို အာဏာပိုင်အဖွဲ့အစည်း အသီးသီး က နောက်ကနေ ဝိုင်းရံပြီး ဒီကရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်ကနေ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

သံသယရှိဖွယ်လူကုန်ကူးမှုများကိုတွေ့ရှိရပါကအကြောင်းကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖုန်းနံပါတ်များ ထားရှိပေးပြီး ၀၉ ၄၉၅၅၅၆၆၆ (သို့မဟုတ်) ၀၉ ၄၉၅၅၅၉၉၉ သို့ ဆက်သွယ် အကြောင်းကြားနိုင်ပါကြောင်းသိရသည်။




Comments