နာမည်ကျော်အဆိုတော်များနှင့်ဆိုရှယ်မီဒီယာတွင်လူသိများထင်ရှားသူများက အွန်လိုင်းဘေးကင်း လုံခြုံရေးအကြောင်း ဆွေးနွေးပြောကြား

အခြေခံလူမှုအဖွဲ့အစည်းများအကြားဒစ်ဂျစ်တယ်သိနားလည်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်အတွက် Facebook က ဦးဆောင်၍ FXB Myanmar ၊ Love Frankie နှင့် Arts For All စသည့် အဖွဲ့များနှင့် ပူးပေါင်းကာ ဒစ်ဂျစ်တယ်တတ်မြောက်မှုဆိုင်ရာ အသိပညာပေး  ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၂) ခုတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲများတွင် မိမိ အကောင့်၏ စကားဝှက် လုံခြုံရေး၊ ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းရေးနှင့် အွန်လိုင်းဘေးကင်းလုံခြုံရေး အစရှိသည့် လူမှုကွန်ရက် အသုံးပြုရာ၌ ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲ အမျိုးမျိုးတို့အား ပိုမို သတိပြုမိကြစေရန် စိတ်ဝင်စားဖွယ်ရာ တစ်ခန်းရပ်ပြဇာတ်လေးများ ရေးသား၍သရုပ်ဖော်ပြသခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား မိမိတို့၏ ကိုယ်တွေ့ဖြစ်ရပ်များကိုမျှဝေပြောကြား၍ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးရန် တိုက်တွန်းအားပေးပြီး အလားတူ အခက်အခဲများ ရှိလာပါက မည်သို့ ဖြေရှင်းနိုင်ကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားခြင်းဖြင့် အသိပညာပေးခဲ့ကြောင်းသိရသည်။

ယခုနှစ် ဇွန်လမှစတင်ခဲ့သော အသိပညာပေးဆွေးနွေးပွဲများတွင် ပဲခူး၊ သန်လျင်၊ တောင်ကြီး၊ ပခုက္ကူနှင့်  ညောင်ဦးမြို့ရှိ ထောင်ပေါင်းများစွာသော လူအများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံး ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲအား စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ လှိုင်သာယာ (၉) ရပ်ကွက်ရှိ  အောင်သုခ ဓမ္မ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့
သည်။ တက်ရောက်လာသူ (၂၅၀) ဦးတို့က FXB Myanmar အဖွဲ့ နှင့်အတူ နာမည်ကျော် အဆိုတော်များဖြစ်ကြသည့် ဘန်နီဖြိုးနှင့် ပန်းရောင်ခြယ် အပါအဝင် ဆိုရှယ်မီဒီယာတွင် လူသိများထင်ရှားသူ တယ်ရီဝင်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း
သိရသည်။

ဆွေးနွေးပွဲတွင် ဘန်နီဖြိုးနှင့် ပန်းရောင်ခြယ်တို့က တက်ရောက်လာသူများ ပျော်ပျော်ရွှင်ရွှင်ပါဝင်နိုင်ရန် ၎င်းတို့၏ နာမည်ကျော် တေးသီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ပြီး အွန်လိုင်းတွင် ဘေးကင်းလုံခြုံမှုရှိစေရန် လိုက်နာ  ဆောင်ရွက်ရမည့် အချက်များကို တစ်ခန်းရပ်ပြဇာတ်များအတွင်း ပါဝင်၍ မျှဝေပြောကြားပေးခဲ့သည့်အပြင် ပရိတ်သတ်များနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

လာမည့် လများအတွင်း မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနှင့် မကွေးမြို့များတွင် အသိပညာပေး ဖျော်ဖြေရေး ဆွေးနွေး ပွဲများ ထပ်မံကျင်းပပြုလုပ်သွားမည် ဖြစ်
ကြောင်းသိရသည်။






Comments