၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်မှ ဆုရရုပ်ရှင်များကို ရန်ကုန်နှင့်မန္တလေးတွင်ပြသ

မန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး နိုင်ငံခြားရုပ်ရှင်ပွဲတော်ဖြစ်သည့် ဥရောပရုပ်ရှင်ပွဲတော်၏ ၂၈ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် ဆုရရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် Cold War ဟု အမည်ရသည့် ပိုလန်ဇာတ်ကားတစ်ကားနှင့် စတင်ဖွင့်လှစ်ခဲ့သည်။

ဥရောပရုပ်ရှင်ကားများ၏ ထူးခြားအံ့သြဖွယ်ရာများကို မြန်မာပြည်သို့ သယ်ဆောင်လာသည့် ထိုရုပ်ရှင်ပွဲတော်တွင် ဥရောပနိုင်ငံ ၁၆ နိုင်ငံမှ ချီးကျူးမှုများစွာရရှိထားသော နာမည်ကြီး ဇာတ်ကားပေါင်း ၂၁ ကား ပါဝင်ပြသသွားမည်ဖြစ်သည်။

၁၀ ရက်ကြာမြင့်မည်ဖြစ်သည့် အဆိုပါရုပ်ရှင်ပွဲတော်သည် နေပြည်တော်ရုပ်ရှင်ရုံနှင့် Goethe Villa တို့တွင် စက်တင်ဘာ လ ၂၀ ရက် နေ့မှစတင်ကာ၂၉ ရက်နေ့အထိ ရုံတင်ပြသသွားမည်ဖြစ်ပြီး ရုံဝင်ကြေးမှာ အခမဲ့ဖြစ်သည်။

ရုပ်ရှင်လက်မှတ်များကို ပွဲမစမီ တစ်နာရီမှ ၁၅ မိနစ်အလိုထိ အဆိုပါရုပ်ရှင်ရုံရှိ ကောင်တာများတွင် ဦးရာလူစနစ်ဖြင့် အခမဲ့ရယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ ဦးဆောင်၍ Goethe-Institut Myanmar၊ ပြင်သစ်ယဉ်ကျေးမှု ဌာနတို့နှင့် ပူးပေါင်းကာ စီစဉ်သော ရုပ်ရှင်ပွဲတော်သည် မြန်မာနှင့် ဥရောပနိုင်ငံတို့အကြား ယဉ်ကျေးမှုခြင်းဖလှယ်ရန်နှင့် ဥရောပရုပ်ရှင်များ၏ မတူကွဲပြားမှုများကို ခံစားသိရှိနိုင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဥရောပရုပ်ရှင်ပွဲတော်ကို ယခင်အပတ်က မန္တလေးမြို့၌ ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ သည်။

အော်စကာဆုရ ပိုလန်ဒါရိုက်တာ Paweł Pawlikowski ရိုက်ကူးထားသော "Cold War" ရုပ်ရှင်သည် ဖိနှိပ်မှု၊ လွတ်လပ်မှုနှင့် ခက်ခဲ ကြမ်းတမ်းမှုများကို ကြုံတွေ့ရသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ညွှန်းရိုက်ကူးထားသည့် ဂန္ထဝင်မြောက်အဖြူအမည်း လက်ရာ ဇာတ်ကားဖြစ်ပြီး ယခုနှစ်တွင် ဆုအများအပြားကို ဆွတ်ခူးရရှိခဲ့သော ဇာတ်ကားများ အနက်မှ တစ်ကားဖြစ်သည်။

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်သူ H.E. Kristian Schmidt မှ "ဥရောပရုပ်ရှင်ပွဲတော်ကို အခုလို နှစ်စဉ်ကျင်းပ နိုင်တာရယ်၊ မြန်မာနိုင်ငံတစ်ဝှန်းကပြည်သူတွေကို ရုပ်ရှင်ရုံဖန်သားပြင်ကြီး ကနေတစ်ဆင့် ဥရောပ ပြည်သူတွေရဲ့ဘဝတွေဆီ ခေါ်သွားခွင့်ရတာရယ်ကြောင့် အရမ်းကို ပျော်ရွှင်ကျေနပ်မိပါတယ်။ ပြီးတော့ နောက်ထပ် တစ်ခုကြေညာချင်တာက  ဒီနှစ်ဟာ ဥရောပရုပ်ရှင်ကားတွေချည်းပဲ  ပြသတဲ့ နောက်ဆုံးနှစ်ဖြစ်မှာပါ။ နောက်နှစ်ကစလို့ မြန်မာဒါရိုက်တာတွေကိုပါ သူတို့ရဲ့ အကောင်း ဆုံး ရုပ်ရှင်ဇာတ်ကားတွေကို  ဥရောပရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသဖို့ ဖိတ်ခေါ်သွားမှာပါ။  ရုပ်ရှင်ပွဲတော်ရဲ့နာမည်ကလည်း  ဥရောပ ရုပ်ရှင်ပွဲတော်ကနေ ဥရောပနဲ့  မြန်မာတွေ့ဆုံခြင်း ရုပ်ရှင်ပွဲတော်အဖြစ် ပြောင်းလဲသွားမှာပါ” ဟု ကျေနပ်ပီတိဖြစ်စွာဖြင့် ပြောကြား ခဲ့သည်။

Cold War ရုပ်ရှင်ဇာတ်ကားသည် 91st Academy Awards တွင် ဆု ၃ ဆု (အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ရိုက်ကူးရေးပညာဆု) အမည်တင်သွင်းခြင်းခံခဲ့ရပြီး 72nd British Academy Film Awards တွင် အကောင်းဆုံးညွှန်ကြားနိုင်မှုဆု၊ အင်္ဂလိပ်ဘာသာစကားမဟုတ်သော အကောင်းဆုံးရုပ်ရှင်ဆုတို့အပါအဝင် ဆု ၄ ဆု အမည်တင် သွင်းခြင်းခံခဲ့ရသည့် ချီးကျူးမှုအများအပြားရရှိထားသော၊ ယခုနှစ်တွင် ဆုအများအပြားရရှိခဲ့သော ဥရောပရုပ်ရှင်ဇာတ်ကားများ အနက်မှ တစ်ကားဖြစ်သည်။

ရုံတင်ပြသသွားမည့်ရုပ်ရှင်များမှာ Cold War (ပိုလန်); Our Struggles (ဘယ်လ်ဂျီယံ); Tiger Theory (ချက်ရီပတ်ဗလစ်); A Fortunate Man (ဒိန်းမတ်); The Human Part (ဖင်လန်); Jill, Joy and the Sleeping Clock (ဖင်လန်); Sink or Swim (ပြင်သစ်); Western (ဂျာမနီ) ၊ Puskás Hungary (ဟန်ဂေရီ) ၊ Laces (အစ္စရေး) ၊ Abulele (အစ္စရေး) ၊ La Pazza Gioia (Like Crazy)(အီတလီ) ၊ Tadas Blinda - Pradžia (Fireheart - The Legend of Tadas Blinda) (လစ်သူရေးနီးယား) ၊ Tulipani: Love, Honor and a Bicycle (နယ်သာလန်) ၊ Kon-Tiki (နော်ဝေ); Sami Blood (ဆွီဒင်); Der Kreis (ဆွစ်ဇာလန်) ၊ David Attenborough’s Natural History Museum Alive (ဗြိတိန်) ၊and Bloody Milk, King of the Belgians နှင့် The Distant Barking of Dogs (အီးယူ) တို့ ဖြစ်ကြသည်။



Comments