ALZU® အမည်ရှိ ပထမဦးဆုံးထုတ်လုပ်မည့် သတ္တု အလွှာအုပ်စတီးကို ဒီဇင်ဘာလတွင် ဈေးကွက်ထဲသို့ စတင်ဖြန့်ချိ မည်

JFE MERANTI Myanmar Co., Ltd. (JMM) မှ ALZU® အမည်ရှိ ပထမဦးဆုံးထုတ်လုပ်မည့် ပြည်တွင်းထုတ်သတ္တု အလွှာအုပ်စတီးကို လာမည့် ဒီဇင်ဘာလတွင် ဈေးကွက်ထဲသို့ စတင်ဖြန့်ချိပေးတော့မည်ဖြစ်သည်။ALZU® ထုတ်ကုန်များကို ပြည်တွင်း ပြည်ပ ဈေးကွက်နှစ်မျိုးလုံးအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစ၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ALZU® သည် JMM ၏ ၅၅% ရာခိုင်နှုန်း အလူမီနီယံ - ဇင့် သတ္တုအလွှာအုပ် နှင့် ဆေးအလွှာအုပ် စတီးထုတ်ကုန်များထဲမှ တစ်ခုဖြစ်ပြီး အရည်အသွေးမြင့် AZ70 နှင့် AZ100 ကုတ်တင်များဖြင့် ရရှိမည်ဖြစ်သည်။ ALZU® စတီးကို JMM မှ မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး စက်ရုံအလုပ်ရုံအမျိုးမျိုး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်ရာများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအတွက် အမိုးမိုးခြင်း၊ နံရံကာခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းဆောင်တာများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

 JMM ၏ CEO ဖြစ်သူ Dr. Sebastian Langendorf က “မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ အလျင်အမြန် တိုးတက်ပြောင်းလဲနေပြီးတော့ ကြီးမားတဲ့ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါတွေကို အထောက်အကူပြုဖို့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အခြေခံအဆောက်အအုံတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ လိုအပ် နေပါသေးတယ်” ဟု ပြောကြားခဲ့ပါသည်။ “အဆောက်အအုံတော်တော်များများကို ဆောက်လုပ်ဖို့နဲ့ အိုဟောင်းပျက်စီးနေတဲ့ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတာမျိုး ဒါမှမဟုတ်အစားထိုးတာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေပါဝင်နိုင်ဖို့ JFE MERANTI® က မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီသင့်တော်တဲ့ ကြာရှည်ခံ သတ္တုအလွှာအုပ်စတီး ALZU® ကို စတင်မိတ်ဆက်လိုက်တာကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ကြာရှည်တည်တံ့ခိုင်မြဲတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်နိုင် တော့မှာဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

JFE MERANTI Myanmar Co., Ltd. (JMM) သည် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ပြီး ကမ္ဘာတစ်ဝန်းရုံးခွဲမြောက်များစွာရှိသည့် ကမ္ဘာ့ထိပ်တန်း ဘက်ပေါင်းစုံစတီးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သော ဂျပန်အခြေစိုက် JFE Steel မှ ရှယ်ယာအများဆုံးပိုင်ဆိုင်ကာ ၈၅ မီလီယံတန်ဖိုးရှိ ကုမ္ပဏီတစ်ခုဖြစ်သည်ဟုသိရသည်။

JMM ၏ ပထမဦးဆုံး  မြန်မာရုံးခွဲကို ဇန်နဝါရီလ ၂၀၁၈ ခုနှစ်တွင် စက်မှုလုပ်ငန်းများ အချက်အချာကျသောနေရာဖြစ်သည့်  မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည်။ စတီး ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်တွင်းရှိ ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီများအကြား ထိုးဖောက်ရပ်တည် နိုင်ရန် JMM အနေဖြင့် ကုန်ပစ္စည်းများကို
လိုအပ်သည့်အချိန်တိုင်း လွယ်ကူ၊ လျင်မြန်စွာ ထောက်ပံ့ပေးနိုင်ခြင်း၊ အရည်အသွေးစံချိန်တည်မြဲစေခြင်း၊ ကုန်ပစ္စည်းအရေအတွက် လက်လီလက်ကား အနည်းဆုံးမှာယူနိုင်ခြင်း၊ ကုန်ပစ္စည်းများကို မှာယူသည့်အချိန်မှစ၍ လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်း၊ အရည်အသွေးအာမခံချက် အမျိုးမျိုးပေးနိုင်ခြင်း၊ အကောင်းဆုံး နည်းပညာဆိုင်ရာ ထောက်ပံ့မှုပေးနိုင်ခြင်း စသည့် အခြေခံစည်းမျဉ်းများကို သတ်မှတ်ခဲ့သည်ဟုသိရသည်၊

JMM သည် ရန်ကုန်မြို့၏ အရှေ့တောင် ၂၃ ကီလိုမီတာအကွာတွင်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဥရောပအဆင့်မြင့်စက်ကြီးများတပ်ဆင်ထားသော စတီးအလွှာအုပ်စက်ရုံ၌ ALZU® စတီးအား ထုတ်လုပ်သွားမည် ဖြစ်ပြီး ဆေးအလွှာအုပ်စတီးထုတ်ကုန်ပစ္စည်းအား၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်  ထုတ်လုပ်မည်ဖြစ်ကာသတ္တုအလွှာအုပ် စတီးထုတ်ကုန်ပစ္စည်းအား ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ပိုင်းတွင် စတင်ထုတ်လုပ်သွားမည်ဖြစ်သည်ဟုသိရသည်။

Dr. Langendorf က “မြန်မာနိုင်ငံမှာ သတ္တုအလွှာအုပ်စတီးတွေနဲ့ ဦးဆောင်ခြင်းဟာ စက်မှုလုပ်ငန်းနယ်ပယ်ကို အရှိန်အဟုန်နဲ့ တိုးတက်စေပြီး တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်သွားမယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားသွားခဲ့သည်။ “ရေရှည်ထုတ်လုပ်နိုင်မှုဟာ ကျွန်တော်တို့အတွက် အထူးအရေးကြီးပြီးတော့ ထုတ်လုပ်မှုပိုင်းမှာ ကမ္ဘာ့အဆင့်မီနည်းလမ်းတွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ရာထူးတွေအတွက် ဒေသခံတွေကို အလုပ်ခေါ်ယူလေ့ကျင့်ပေးခြင်း၊ စတီးသွင်းကုန်တွေကို အစားထိုးခြင်းနဲ့ အရည်အသွေးမြင့် ပြည်တွင်းသတ္တုအလွှာအုပ်စတီးများကို ထုတ်လုပ်ခြင်းအားဖြင့်  မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းအနာဂတ်ကို ကူညီထိန်းသိမ်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့အတွက်၊ ဒီလုပ်ငန်းနယ်ပယ်အတွက်နဲ့ မြန်မာနိုင်ငံအတွက် ဒါအစပြုတာပဲ ရှိပါသေးတယ်”ဟုထပ်မံ ဖြည့်စွက် ပြောကြားသွား ခဲ့သည်။






Comments