အူရီဒူးမြန်မာနှင့် ZTE တို့သည် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့၌ ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ 5G အတွေ့အကြုံများစွာကို တိုက်ရိုက်လက်တွေ့လုပ်ဆောင်ပြသသည့် စိတ်လှုပ်ရှားဖွယ်အခမ်းအနား တစ်ရပ်ကို ပူးပေါင်းကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကွန်ရက်နှင့်နည်းပညာကဏ္ဍတွင် ဦးဆောင် နေသည့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော ထိပ်တန်းနည်းပညာ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် ZTE နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်၊
အခမ်းအနားတွင် 5G လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခဲ့သော ကဏ္ဍများဖြစ်သည့် 5G အမြန်နှုန်း တိုက်ရိုက်စမ်းသပ်ပြသခြင်း၊ ပုံရိပ်ယောင် (VR) အတွေ့အကြုံနှင့် ဆန်းသစ်တီထွင် ဖန်တီးထားသည့် Drone ပျံသန်းခြင်းကို အခြေခံထားသော စောင့်ကြည့်စစ်ဆေးမှုစနစ်တို့ပါဝင်ပြီး ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်စားနေသည့် နည်းပညာကို ထုတ်ဖော်ပြသနိုင်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် အောင်မြင်မှုမှတ်တိုင်အသစ် တစ်ခုကိုထပ်မံစိုက်ထူနိုင်ခဲ့သည့်ဟုသိရသည်။
အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “ယခုသရုပ်ပြသမှုဟာ အူရီဒူးမြန်မာ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ခြင်းကို ပံ့ပိုးပေးနိုင်ဖို့အတွက် ကြီးမားတဲ့အရှိန်နဲ့တက်လှမ်းနိုင်မှုကို ပြသလိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝမှာ အသုံးဝင်မယ့် 5G အတွေ့အကြုံတွေက နည်းပညာကနေ ပြည်သူလူထုရဲ့ ဒီဂျစ်တယ်ဘဝတွေကို ပြောင်းလဲဖော်ဆောင်ပေးနိုင်တာကို လက်တွေ့လုပ်ဆောင်ပြသပြီး အူရီဒူးမြန်မာက ကမ္ဘာ့အဆင့်မီ နည်းပညာတွေကိုအသုံးပြုခြင်းဖြင့် ဆန်းသစ်တီထွင်ထားတဲ့ ဒီဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ 5G လုပ်ဆောင်ချက်တွေကို လက်တွေ့ပြသတာဟာဆိုရင် အူရီဒူးမြန်မာရဲ့ ပြောင်းလဲဖော်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ လူမှုဝန်းကျင်၊ လုပ်ငန်းနယ်ပယ်ကဏ္ဍများနှင့် ပြည်သူလူထုရဲ့နေ့စဉ်ဘဝတွေကို ဒီဂျစ်တယ်ပြောင်းလဲဖော်ဆောင်မှု လှိုင်းအသွင်သစ် ဖန်တီးဖို့အတွက် ကျွန်တော်တို့ရဲ့ အဆင်သင့်ဖြစ်နေမှုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို အတွေ့အကြုံသစ်တွေနဲ့ မြန်မာနိုင်ငံရဲ့5G အနာဂါတ်ကို စိတ်လှုပ်ရှားဖွယ်မြင်ကွင်းကို ZTE Corporation နဲ့ အတူ ပူးပါင်းပြသနိုင်တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှား ဝမ်းမြောက်ရ ပါတယ်။” ဟု ပြောကြားလိုက်သည်။
ZTE Corporation ၏ SVP ဖြစ်သူ Mr. Mei Zhonghua က “ZTE အနေနဲ့ 5G ဆန်းသစ်တီထွင်ဖန်တီးမှုမှာ ဦးဆောင်နိုင်ဖို့ အဓိကထားဆောင်ရွက်နေပြီး ဒီနည်းပညာဟာ မြန်မာပြည်သူလူထုကို အနာဂါတ်မှာ လုပ်ဆောင်နိုင်စွမ်းတွေမြင့်မားစေဖို့ အသေအချာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီမျိုးဆက်သစ်ကွန်ရက် အဆောက်အအုံက အရေးကြီးကဏ္ဍကနေ ပါဝင်လာမှာဖြစ်ပါတယ်။ 5Gရဲ့လုပ်ဆောင်ချက်တွေဟာ လူမှုဝန်းကျင်တစ်ခုလုံးကို ခေတ်မီအောင်ဖော်ဆောင်ခြင်းကို အရှိန်အဟုန်မြှင့်ပေးနိုင်မှာဖြစ်ပြီး လုပ်ငန်းနယ်ပယ်အားလုံးကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာများရဲ့ နေရာယူ ဆောင်ရွက်ချက်တွေကို တိုးမြှင့်ပေးမှာဖြစ်ပြီး ကျွန်တော်တို့အားလုံးရဲ့ အနာဂါတ်ကို ဒီဂျစ်တယ် ခေတ်သစ်သို့ ပြောင်းလဲစေနိုင်မှာပဲ ဖြစ်ပါတယ်။ ZTE အနေနဲ့ အူရီဒူးမြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အသိဥာဏ်မြင့် 5G ကမ္ဘာသစ်ကို အတူဆန်းသစ်တီထွင်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စနစ် ဖော်ဆောင်ခြင်းကို ပံ့ပိုးပေးလိုပါတယ်။” ဟု ပြောကြားသည်။
5G သည် အမြန်ဆန်ဆုံးသော အင်တာနက်နှုန်း၊ အချိန်နှင့်တပြေးညီ ဒေတာဆောင်ကြဉ်း ပေးနိုင်မှု၊ သတင်းပေးပို့ရယူလက်ခံချိန်ကြန့်ကြာချိန်နည်းပါးမှုတို့နှင့်အတူ မိုဘိုင်းနှင့် တသမတ်ပြုလုပ်ထားသော ချိတ်ဆက်မှုပုံစံကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မည်ဖြစ်ပါသည်။ လှိုင်းနှုန်းစဉ် 3.5GHz နှင့် 2.6GHz တို့ကို အသုံးပြုခြင်းဖြင့် အူရီဒူးမြန်မာသည် ၄င်း၏ 5G ကွန်ရက်၏ အခြေခံအဆောက်အအုံကို ဖြန့်ကြက်မည်ဖြစ်ပြီး၊ ကွန်ရက်ဖြန်ကြက်ခြင်းကို ZTE နည်းပညာဖြင့် အနာဂါတ်တွင် ကွန်ရက်ချိတ်ဆက်မှုနည်းလမ်းများကို ဆောင်ရွက်နိုင်စွမ်း ပေးအပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment