ကမ္ဘောဇဘဏ်နှင့် Smile Asia တို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ် ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ ကမ္ဘောဇဘဏ်နှင့် စင်ကာပူနိုင်ငံအခြေစိုက် ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Asia တို့ ပူးပေါင်းပြီး မြန်မာ နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကလေးငယ်များ ပိုမို ကောင်းမွန်သော ဘဝနေ့ရက်များ ပိုင်ဆိုင်နိုင်ရန် သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉သြဂုတ်လ၂၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ သြဂုတ်လ ၂၅ရက် နံနက်တွင် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အမျိုးသားသွေးဌာန၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

သတ္တမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက ဝေဒနာရှင်ကလေးငယ် (၁၄၀) ကျော်အတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် အခြေအနေ  ကောင်းမွန်သော ကလေးငယ်များအား ခွဲစိတ်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်
ကြောင်းသိရသည်။

ခွဲစိတ်ကုသမှု ခံယူကြမည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်များသည် ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ် တတိုင်းမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့ နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့ စသည်ဖြင့် အလွန်ဝေးလံသော ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးမှ လာရောက်၍ အခမဲ့ခွဲစိတ်ကုသမှု ခံယူကြခြင်း ဖြစ်သည်ဟုသိရသည်။

          Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ခွဲစိတ်ကုသရေး အစီအစဉ်များ ပြုလုပ်နိုင်ရန် အဖွဲ့ဝင်ပေါင်း (၃၈) ဦး ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့ဝင်များအတွင်း အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မြန်မာနှင့် ဖိလစ်ပိုင် အစရှိသည့် နိုင်ငံအသီးသီးမှ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ပါသည်။ Smile Asia ဆေးဘက် ဆိုင်ရာအဖွဲ့အား ပံ့ပိုးကူညီပေးနိုင်ရန် ကမ္ဘောဇဘဏ်အဖွဲ့သားများက လူနာစာရင်းများ ကောက်ယူခြင်းနှင့် ခွဲစိတ် ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုများ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ ကမ္ဘောဇဘဏ်က လူနာများ ခွဲစိတ်ကုသမှု ခံယူနေစဉ် တစ်လျောက်လုံး လူနာနှင့်မိသားစုအတွက် အသွားအပြန် ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များ နေထိုင်စားသောက်ရေးအတွက် စရိတ်ငြိမ်း အခမဲ့ စီစဉ်ပေးခြင်းတို့အား ကူညီထောက်ပံ့ပေး ထားပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်သည် ခွဲစိတ်ကုသမှု ခံယူရန် လာရောက်နေထိုင်ချိန်အတွင်း လူနာများနှင့် မိသားစုဝင်များ ရန်ကုန်မြို့အတွင်း သွားရေးလာရေး အဆင်ပြေစေရန် မော်တော်ယာဉ်တစ်စီး စီစဉ်ထားရှိပေး ထားကြောင်းသိရသည်။

 ကမ္ဘောဇဘဏ်နှင့် Smile Asia မှ မြန်မာနိုင်ငံတွင်ဆက်လက်ကျင်းပပြုလုပ်သွားမည့် အဋ္ဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မှ ၁၆ ရက်နေ့အတွင်း နေပြည်တော်ရှိ ကုတင် (၁,၀၀၀) ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခင် ကျင်းပပြုလုပ်ခဲ့သည့် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်များမှာ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သောကြောင့် အဋ္ဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်သည် ကမ္ဘောဇဘဏ်နှင့် Smile Asia တို့အတွက်  နေပြည်တော်တွင် ပထမဦးဆုံးအကြိမ်မြောက် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်တစ်ခု ဖြစ်သည်ဟုသိရသည်။



Comments