OPPO | PUBG MOBILE KING OF THE HILL ရဲ့ ပထမဦးဆုံးအကြိမ် Offline ပွဲကြီးကို စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်

၂၀၁၉ ၊ သြဂုတ် ၂၇ ၊ ရန်ကုန် ။ ။ PUBG MOBILE က မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် Offline ဂိမ်းပြိုင်ပွဲကြီးကို စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ Junction Square Promotion Area တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 ပြိုင်ပွဲကြီး၏ Title Sponsor အဖြစ် OPPO Myanmar က ပါဝင်ကူညီထားပြီး OPPO | PUBG MOBILE KING OF THE HILL ပွဲကြီးတစ်ပွဲလည်း ဖြစ်သည်။  လာမည့် ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသွားမည့် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အားကစားပွဲတော်ကြီးတွင် E-sports ကစားပွဲများကို တရားဝင်ထည့်သွင်းသတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ကစားသမားများ၊ အသင်းများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 ထို့ကြောင့် PUBG MOBILE အနေနှင့် မြန်မာနိုင်ငံတွင်း E-sports ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာ E-sports ကစားသမားများအတွက် ဆီးဂိမ်းကဲ့သို့ နိုင်ငံတကာအဆင့်  ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် အားပေးကူညီသည့် ခြေလှမ်းတစ်ခုအဖြစ်  OPPO | PUBG MOBILE KING OF THE HILL  ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်သည်ဟုသိရသည်။

ဤပြိုင်ပွဲကြီး၏ အဓိကထူးခြားချက်မှာ ပြိုင်ပွဲဝင်များသည် တစ်ဦးချင်းစီ “Solo” အနေနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Sanhok မြေပုံတစ်ခုထဲတွင်သာ TPP Mode ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲကြီးတွင် ပွဲစဉ်ပေါင်း ၅ ပွဲ တိတိ ပါဝင်သွားမည်ဖြစ်ပြီး၊ ပွဲစဉ်တစ်ပွဲအတွက် ကစားသမား ၆၀ ဦးကို လက်ခံသွားမည်ဖြစ်သည်။ စိတ်ဝင်စားသူ ကစားသမားများအနေဖြင့် ကြိုတင် စာရင်းပေးထားရန် မလိုဘဲ ပွဲစဉ်များ မစတင်မီအချိန်တွင် ပြိုင်ပွဲကျင်းပရာနေရာသို့ တိုက်ရိုက်လာရောက် စာရင်းပေးပြီး ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် PUBG MOBILE နှင့် OPPO Myanmar တို့ ပူးပေါင်းပြီး ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ထိပ်ဆုံးအသင်း နှစ်သင်းမှ ကစားသမား ၈ ယောက်သည်လည်း ဤလာမည့်ပြိုင်ပွဲ၏ပွဲစဉ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သဖြင့် ထိပ်တန်းဆုရကစားသမားများနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်ဟုသိရသည်။

ပွဲစဉ်တစ်ပွဲစီတွင် အနိုင်ရရှိသူ (Chicken Dinner Winner) တစ်ဦးနှင့် Kill အများဆုံးရရှိသူ (Best Kill) တစ်ဦးစီကို ရွေးချယ်သွားမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေအပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဤကဲ့သို့သောပြိုင်ပွဲများကို မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးများနှင့်  ပြည်နယ်များတွင် လည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ်များရှိသည်ဟုသိရသည်။




Comments