မြန်မာနိုင်ငံသားများဘဏ် (MCB ) နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) တို့ပူးပေါင်းဆောင်ရွက်ရန်လက်မှတ်ရေးထိုး
မြန်မာနိုင်ငံသားများဘဏ် (MCB ) သည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) နှင့် ပူးပေါင်းဆောင်ရွက်ရန် သြဂုတ်လ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း MCB ဘဏ်မှသတင်းထုတ်ပြန်သည်။
ယခုသဘောတူညီချက်လက်မှတ်ရေးထိုးမှုမှာ ၂ နှစ်သက်တမ်းကြာမြင့်မည်ဖြစ်ပြီး ဘဏ်ခွဲများနှင့် ဈေးကွက်ကွန်ရက်ကို တိုးချဲ့ခြင်း၊ ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများဖန်တီးခြင်းနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများကို မြင့်တင်အကောင်အထည်ဖော်ခြင်းများလုပ်ဆောင်သွား မည်ဖြစ်သည်။
ထို့အပြင်IFC ၏ ဈေးကွက်ဆိုင်ရာအတွေ့အကြုံနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းအတွေ့အကြုံများကိုရယူကာ မြန်မာနိုင်ငံသားများဘဏ် ၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကိုနှစ်အနည်းငယ်အတွင်းတွင် အရှိန်မြင့်တိုးတက်လာရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများကိုလည်း ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများဘဏ်သည် ၁၉၉၁ တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ သြဂုတ်တွင် ရန်ကုန်စတော့အိတ်ချိန်းဝင်ကုမ္ပဏီဖြစ်လာပြီး ၂၀၁၇ အထိ ဘဏ်ခွဲပေါင်း ၂၃ ခုဖွင့်လှစ်ထားကြောင်း အဆိုပါဘဏ်မှ သိရသည်။
IFC သည် ကမ္ဘာအုပ်စုဝင် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဈေးကွက်များဖွံ့ဖြိုးလာရန်အတွက်ပုဂ္ဂလိကကဏ္ဍတွင် အဓိကကူညီလုပ်ကိုင်ပေးလျှက်ရှိသည်။ ထိုပြင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းပေါင်း ၂၀၀၀ ကျော်ဖြင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိပြီး ဈေးကွက်ရှာဖွေခြင်း၊ အခွင့်အလမ်းများဖန်တီးခြင်းတို့ လုပ်ကိုင်လျှက်ရှိကြောင်း IFC ၏စာရင်းများအရသိရသည်။
Comments
Post a Comment