စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၂၀၁၉ကိုသဘင်နှင့် ရုပ်ရှင်အသိုင်းအဝိုင်းမှအားနည်းချက်အားသာချက်များပြောကြားမည့်စကားဝိုင်းကျင်းပမည်

“စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ ၂၀၁၉ သဘင်နှင့်ရုပ်ရှင်ဆိုင်ရာ စကားဝိုင်း” ကို ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မင်္ဂလာခန်းမ၌ ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မေလတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် “စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေ” ကို သဘင်နှင့် ရုပ်ရှင်အသိုင်းအဝိုင်းမှ ပညာရှင်များက အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးပြောကြားသွားမည်ဖြစ်သည့်အတွက်ယခုစကားဝိုင်းအားကျင်းပခြင်းဖြစ်သည်။

ယခုစကားဝိုင်းတွင်သဘင်ဆိုင်ရာ မူပိုင်ခွင့်နှင့် ပတ်သက်သော အကြောင်းများကို ဒေါ်ပတ္တမြားကေခိုင်က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး သဘင်တီးဝိုင်းများအခန်းကဏ္ဍ အတွက် မြန်မာပြည်ကျောက်စိမ်း၊ ပြဇာတ်ဆိုင်ရာအခန်းကဏ္ဍ အတွက် ဦးဟန်ဇာမိုးဝင်းနှင့် ဥပဒေပိုင်းဆိုင်ရာအတွက်ဥပဒေ ပညာရှင် ရှေ့နေ ဦးနွယ်ဦးတို့ကလည်းကောင်း၊ ရုပ်ရှင်ဆိုင်ရာ မူပိုင်ခွင့်နှင့်ပတ်သက်သော အကြောင်းများကို ဦးအောင်စိုးဦး က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ထုတ်လုပ်သူများ အခန်း ကဏ္ဍအတွက် ဒေါ်ဆွေဇင်ထိုက်၊ ဖြန့်ချိသူများ အခန်းကဏ္ဍ အတွက် ဦးဝင်းခိုင်နှင့် Post Production and Editing အခန်းကဏ္ဍအတွက် ဦးဝဏ္ဍကျော်တို့ကလည်းကောင်း ပါဝင် ဆွေးနွေးကြမည်ဖြစ်သည်။


သဘင်နှင့် ရုပ်ရှင်ဆိုင်ရာစကားဝိုင်းတွင် မျက်မှောက်ခေတ် ကြုံတေ့နေရသည့် မူပိုင်ခွင့်ဆိုင်ရာပြဿနာများ၊ မူပိုင်ခွင့်ဥပဒေနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ပြီးသဘင်နှင့် ရုပ်ရှင်ဆိုင်ရာအသိုင်းအဝိုင်းမှ အနုပညာရှင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ တီထွင်ဖန်တီးသူ အနုပညာ ရှင်များ၊ မူပိုင်ခွင့်ဥပဒေများကို လေ့လာလိုက်စားသူများ၊ စိတ်ပါဝင်စားသူများလည်း တက်ရောက်နိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မှယခုစကားဝိုင်းကိုဦးဆောင်ကျင်းပခြင်းဖြစ်ပြီးစာပေ အနုပညာ မူပိုင်ခွင့်ဥပဒေ ၂၀၁၉ နှင့်ပတ်သက်သော မူပိုင်ခွင့် ဆိုင်ရာ စကားဝိုင်းများကိုကဏ္ဍအလိုက် “ပန်းချီနှင့် ဓာတ်ပုံအနုပညာ ရှင်များစကားဝိုင်း”၊ “ကာတွန်းနှင့် Digital Arts အနုပညာ ရှင်များစကားဝိုင်း”စသည့်ခေါင်းစဉ်များဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Comments