မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောကြား
မြန်မာနိုင်ငံသည်အာဆီယံနိုင်ငံများအနက်စီးပွားရေးတိုးတက်မှုအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသည်ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကယခုလ၂၀ရက်နေ့ကရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည့်မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ယခုဖိုရမ်တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ အထိ တိုးတက် လာခဲ့ပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို တွင်ကျယ်လာသည်ကို တွေ့နိုင်ပါကြောင်း၊ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများအရ ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီးရှိခဲ့ကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် ဖြေလျော့ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အား မိတ်ဆက်ခြင်းနှင့် စီမံချက်ဘဏ် (PROJECT BANK) နှင့် မြေယာဘဏ်(LAND BANK) တို့အကြောင်းကို အလေးထား ပြောကြားခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအလားအလာများ တိုးတက်လာစေရေး အတွက် စီစဉ်ဆောင်ရွက်မှုများအား မြန်မာ့ဆိုင်းဝိုင်း၏ အစီအစဉ်ကျနပုံကို ဥပမာပေးလျက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အစီအစဉ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောကြားခဲ့သည်။
မြန်မာ-ဂျပန်-အမေရိကန်ရင်းနှီးမြုပ်နှံမှု ဖိုရမ်အား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း(Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Comments
Post a Comment