အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တွင့် ဖြစ်ပွားခဲ့ရသည့် မြေပြိုမှုဖြစ်စဉ်အပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဒေသခံ မိသားစုများအား ကူညီထောက်ပံ့

သြဂုတ်လ ၉ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ ဒေသခံမိသားစုများအား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ တာဝန်ရှိသူများက သြဂုတ်လ ၁၃ ရက်နေ့တွင် သွားရောက်  တွေ့ဆုံပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက အဆိုပါ ကျေးရွာရှိ ဒေသခံမိသားစုများနှင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် မလတ်တောင်ဒေသတစ်ဝိုက်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိသော Yangon Rescue Organisation အား လှူဒါန်းငွေကျပ် သိန်း (၃၅၀) ကူညီထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ လှူဒါန်းမှုမှတစ်ဆင့် မြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသခံမိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀) သိန်းစီ လက်ခံရရှိကြမည် ဖြစ်ပါသည်။ ထို့အပြင် မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံတွင် ဆေးကူသမှု ခံယူနေသူများအတွက် တစ်ဦးလျှင် ငွေ ကျပ် (၁) သိန်းစီ ပေးအပ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း (၂၀) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
          ထပ်မံပြီး BFM မှ မြေပြိုမှုဖြစ်ပွားခဲ့သည့် ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေကြသည့် လူမှုကူညီရေး အဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့် (၁၀၀၀) ဗူး၊ ခေါက်ဆွဲခြောက် (၂၇၀) ဖာ၊ ငါးသေတ္တာ (၉၂၀) ဗူး အပါအဝင် မုန့်များနှင့် အခြားလိုအပ်သော စားနပ်ရိက္ခာများကိုလည်း ကူညီထောက် ပံ့ပေးခဲ့ကြောင်းသိရသည်။

Comments