အူရီဒူး မြန်မာသည် ၎င်း၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် Beyond Access Myanmar စီမံကိန်းတွင် အင်တာနက် အသုံးပြုမှုပမာဏ ပိုမို တိုးတက် လာခဲ့သည်ဟု ယနေ့ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းမှတဆင့် ၆ လတာ ကာလ အတွင်း အင်တာနက်အား ပထမဦးဆုံး အကြိမ် စတင်အသုံးပြုခဲ့သည့် အရေအတွက်သည် စုစုပေါင်း ၁၁၇,၄၇၂ ဦး အထိ ပိုမိုတိုးတက်လာခဲ့ပြီး ကျေးလက်နှင့် မြို့ပြအနီးအနား ပတ်ဝန်းကျင် ဒေသများရှိ စာကြည့်တိုက်များတွင် တက်ဘလက်/လက်ပ်တော့များအား ပုံမှန် အသုံးပြုသူ အရေအတွက် သည်လည်း ၉,၅၀၀ နီးပါးအထိ ရှိလာခဲ့သည်ဟုသိရသည်။
အူရီဒူးမြန်မာသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ စာကြည့်တိုက် အရေအတွက်ပေါင်း ၁၅၀ တွင် အင်တာနက်ချိတ်ဆက်မှု ရရှိစေရန် ပံ့ပိုးကူညီပေးထားခဲ့သည့်အပြင် လက်ပ်တော့ အရေအတွက် ၁၆၆ ခုအား လှူဒါန်းခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၆ လတာ ကာလ (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ - ၂၀၁၉ ခုနှစ်၊ ဇွန်လ) အတွင်း ဒီဂျစ်တယ် စာကြည့်တိုက်များ ပေါ်ပေါက်လာရေးအတွက် အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုများသည် ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ စီမံကိန်း၏ ၆လတာအတွင်း အကျိုးရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်းသိရသည်။
● ဒီဂျစ်တယ်စာကြည့်တိုက်များအား လာရောက်လေ့လာသူ အရေအတွက် စုစုပေါင်း၏ ၄၃% သည် အင်တာနက်အား အသုံးပြု၍ သတင်းများအား ကြည့်ရှုခြင်းနှင့် သင်ကြားလေ့လာမှုပိုင်းဆိုင်ရာ အခွင့်အလမ်းများအား ရှာဖွေခြင်း တို့ကို ပြုလုပ်ခဲ့ ကြသည်။
● လာရောက်လေ့လာသူများအနက် ၃၉% သည် ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမို တိုးတက်လာစေရန် လေ့လာဆည်းပူးနိုင်ခဲ့ကြပြီး ၁၈% သည် ၎င်းတို့ ဒီဂျစ်တယ် စာကြည့်တိုက်သို့ ရောက်ရှိနေစဉ် ကာလအတွင်း အွန်လိုင်းမှတဆင့် အလုပ်အကိုင် အခွင့်အလမ်းများ အား ရှာဖွေ လျှောက်ထားနိုင်ခဲ့ကြသည်။
● စာကြည့်တိုက်များသို့ လူဦးရေ အရေအတွက် စုစုပေါင်း ၆၃,၀၀၀ ကျော် လာရောက်ခဲ့ပြီး ၎င်းတို့၏ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုများအား မြှင့်တင်ပေးနိုင်ခဲ့သည်။
● ဒီဂျစ်တယ်စာကြည့်တိုက်များသို့လာရောက်သည့် လူဦးရေ အရေအတွက် စုစုပေါင်း ၄,၂၀၀ ကျော် သည် လေ့ကျင့်သင်ကြားမှု ပိုင်းဆိုင်ရာ workshop များမှတဆင့် အင်တာနက် အသုံးပြုနည်းများအား သင်ကြားခဲ့ကြပြီး ၎င်းတို့၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ အား မြှင့်တင်နိုင်ခဲ့ကြသည်။
“ပြီးခဲ့တဲ့ခြောက်လတာ ကာလအတွင်း နဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလမှာ အင်တာနက်ကို ပထမဦးဆုံးအကြိမ် လာရောက် အသုံးပြုသူ အရေအတွကပမာဏခြင်း နှိုင်းယှဉ်လျှင် အချိန်တိုအတွင်း၂ ဆကျော်အထိ ပိုမိုများပြားလာခဲ့ပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ပြည်သူလူထုဟာ ဒီဂျစ်တယ် နည်းပညာတွေကို တက်မြောက်လိုစိတ် ပိုမိုမြင့်မားလာတာကို တွေ့နိုင် ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ဒီဂျစ်တယ် စာကြည့်တိုက်တွေမှာ အင်တာနက် ချိတ်ဆက်မှု ပံ့ပိုးပေးခြင်းကနေတဆင့် ပြည်သူလူထုရဲ့ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေကို ပိုမိုတိုးတက်အောင် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့ အူရီဒူးက ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီဂျစ်တယ် စာကြည့်တိုက်တွေ တည်ရှိတဲ့ နေရာဒေသတွေက လူမှု အသိုင်းအဝန်းတွေ အနေနဲ့ အွန်လိုင်းကနေတဆင့် သတင်း အချက်အလက်တွေကို ပိုမို ရယူလာနိုင်မှာ ဖြစ်တဲ့အပြင် ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေကို သင်ကြားနိုင်မယ့် အခွင့်အရေးတွေကိုလည်း ပိုမို ရရှိလာမှာ ဖြစ်တဲ့အတွက် အကျိုးရှိတဲ့ အသိပညာ၊ ဗဟုသုတများစွာကို ရယူပိုင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု အူရီဒူး မြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ္ဋ်မှ ပြောကြားခဲ့သည်။
နိုင်ငံတဝန်းရှိ အများပြည်သူပိုင် စာကြည့်တိုက်များအား ဒီဂျစ်တယ် လူထုစင်တာ အသစ်များ အဖြစ် ပြောင်းလဲ ပုံဖော်သွားရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် Myanmar Book Aids and Preservation Foundation (MBAPF) တို့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်း စတင်သည့် အချိန်မှစ၍ ယခုလက်ရှိ အချိန်အထိ အူရီဒူးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၀,၀၀၀ ကျော် တန်ဖိုးရှိ တက်ဘလက် အရေအတွက်ပေါင်း ၅၃၉ ခု၊ လက်ပ်တော့ အရေအတွက်ပေါင်း ၁၆၆ လုံးနှင့် မြန်မာနိုင်ငံတဝန်းမှ စာကြည့်တိုက် စုစုပေါင်း ၁၅၀ အတွက် အင်တာနက်ချိတ်ဆက်မှုများအား ပံ့ပိုးကူညီထားပြီး ဤ စီမံကိန်းသည် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေခဲ့ပြီး အောင်မြင်သောစီမံကိန်းတစ်ရပ် အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
စီမံကိန်းမှတဆင့် လူဦးရေပေါင်း ၃၀၀,၀၀၀ ကျော်အား ဒီဂျစ်တယ် စက်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်အသုံးပြုခွင့် ရရှိစေခဲ့ပြီး လူဦးရေပေါင်း ၂၀၀,၀၀၀ ခန့်အား ပထမဦးဆုံးအကြိမ် အင်တာနက် အသုံးပြုခွင့် ရရှိစေခဲ့သည့် အပြင် လူဦးရေပေါင်း ၂၀၀,၀၀၀ ကျော် အား အင်တာနက် အသုံးပြုမှု နည်းလမ်းများကို သင်ကြားပြသနိုင်ခဲ့ပြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ ပြည်သူလူထု၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများအား ပိုမိုမြင့်မားလာစေရန် အထောက်အကူပြုနိုင်ခဲ့သည်ဟုသိရသည်။

Comments
Post a Comment