Mytel သည် 5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်ဖော်ပြသသည့်
အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၅ ရက်နေ့ တွင် Sedona ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုပွဲတွင် Mytel ၏ တာဝန်ရှိသူများ မှ ဦးစီး၍ 5G ကွန်ရက်နှင့် အသုံးပြုပုံများအား ထုတ်ဖော်ပြသပေးခဲ့ပြီး ပွဲတက်ရောက်သူများအနေဖြင့်လည်း လေ့လာစမ်းသပ်ကြည့်နိုင်သောနေရာတွင် 5G ကွန်ရက် ကိုအသုံးပြုကာ VR Technology နှင့် 4K ဗီဒီယိုများကို စမ်းသပ်ကြည့်ရှု ခံစားခွင့်ရရှိခဲ့ကြောင်းသိရသည်။
ထို့နောက် ထူးခြားမြန်ဆန်သည့် 5G ကွန်ရက်၏ အမြန်နှုန်းအား 5G အသုံးပြုနိုင်သည့်ဖုန်းဖြင့် စမ်းသပ်ပြသခဲ့သည်။
Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ လည်း “အရင် ကြိုးမဲ့နည်းပညာတွေနဲ့မတူပဲ 5G ပေါ်ပေါက်လာခြင်းက ပိုပြီးကောင်းတဲ့ အပြောင်းအလဲတွေကိုပေါ်ပေါက်လာစေသလို အချင်းချင်း ဒေတာ အပြန်အလှန်ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့ မြန်နှုန်းတွေ ၊ တုံ့ပြန်မှုတွေ နဲ့အတူ အချင်းချင်းချိတ်ဆက်ရာမှာ ပိုပြီး ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိစေမှာပါ။ အရှေ့က မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတုန်းကလည်း သိသာတဲ့ ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်း အခု 5G ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ ရဲ့ နေ့စဉ်လူမှုဘ၀တွေနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ device များရဲ့ စွမ်းဆောင်နိုင်မှုများကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်မက်တွေက တကယ်ဖြစ်လာတော့မှာဖြစ်ပြီး များမကြာတော့မယ့်အချိန်မှာ digital လူမှုပတ်ဝန်းကျင်တစ်ခုကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ 5G ကို မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး ယူဆောင်လာနိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့အတွက်လဲ အရမ်းဂုဏ်ယူရပါတယ်။” ဟူ၍ ပြောကြားခဲ့ပါသည်။
ဤအခမ်းအနားမတိုင်ခင် ၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အမြန်နှုန်းစမ်းသပ်မှု အား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့သည်ဟုသိရသည်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။ 5G ကွန်ရက်သုံးစွဲမှုသည် 4G နှင့် 3G မြန်နှုန်းများအပေါ် သက်ရောက်မှုမရှိပါ။ နောက်ဆုံးပေါ်ကွန်ရက်ဖြစ်သော 5G ၏ download speed မှာ တစ်စက္ကန့်လျှင် 1.6 Gbps ရှိသည့်အချိန်တွင် သာမန် 4G ကွန်ရက်၏ download speed မှာ တစ်စက္ကန့်လျှင် 150 Mbps ခန့်သာရှိမည်ဟုသိရသည်။
Mytel 5G solution partner အဖြစ် Huawei နှင့် နောက်ဆုံးမျိုးဆက်သစ်ကွန်ရက်အား ယူဆောင်လာရန် အား ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ဖြစ်ပြီး Mytel မှ ၎င်း၏ သုံးစွဲသူများအတွက် 5G ကွန်ရက်အား ဈေးကွက်တွင် တရားဝင်ရောင်းချနိုင်ရန် အပြင်းအထန် လုပ်ဆောင်လျက်ရှိသည်ဟုသိရသည်။
Mytel ၏ 5G ကွန်ရက်ကို မြန်မာပလာဇာ ရှိ Mytel ၏ Customer Experience Center တွင် ရရှိနိုင်မှာဖြစ်ပြီး တစ်ပြိုင်နက်ထဲတွင်လည်း Mytel မှ မြို့ကြီးပြကြီးများအပါအ၀င် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment