အမျိုးသမီးလေးများအတွက် ရည်ရွယ်၍ ဒုတိယအဆင့်(Training of Trainer) စတင်ဖွင့်လှစ်

အူရီဒူးမြန်မာသည် Tech Age Girls အစီအစဉ်တွင် လေ့လာသင်ယူခဲ့ပြီးဖြစ်သည့် အမျိုးသမီးလေးများအတွက် ရည်ရွယ်၍ ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Myanmar Book Centre ၌ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၊ ၂၉ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

           အဆိုပါ (Training of Trainers) ဆရာဖြစ်သင်တန်းသည် အမျိုးသမီးများ၏ ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုများ နှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ Tech Age Girls အစီအစဉ်မှ အမျိုးသမီးငယ်များသည် ၎င်းတို့လေ့လာသင်ယူခဲ့သည့် ဗဟုသုတပညာရပ်များကို သူမတို့နေထိုင်ရာ လူမှုဝန်းကျင်တွင် ပြန်လည်ဝေမျှပေးနိုင်ရန် ဖြစ်သည်။ ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၂၁ခုတို့တွင် နည်းပြဆရာဦးရေ (၄၃)ဦး နှင့် အမျိုးသမီးငယ်ဦးရေ (၁၁၅)ဦး တို့အား သင်ကြားပို့ချခဲ့ပြီး ကြောင်းသိရသည်။

 ထို့အပြင် အဆိုပါ ပထမအဆင့် ဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့သူများသည် အခြေခံခေါင်းဆောင်မှု  ကျွမ်းကျင်ပညာရပ်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာနှင့် တင်ပြဆွေးနွေးမှုပညာ အပါအဝင် လူမှုဆက်ဆံရေး ပညာရပ်များကို သင်ယူလေ့လာခဲ့ကြပြီး ဖြစ်သည်။

          ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းတွင် စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဝန်ထမ်းများ နှင့် ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း တက်ရောက်ပြီးဖြစ်သည့် Tech Age Girls အစီအစဉ်တွင် ပါဝင်ခဲ့သူများ တက်ရောက်နိုင်မည် ဖြစ်သည်။ အဆိုပါသင်တန်းတွင် သင်ယူနိုင်မည့် ဘာသာရပ်များမှာ ဂရပ်ဖစ်ဒီဇိုင်းပညာ၊ အရေးအသား နှင့် ဗီဒီယိုတည်းဖြတ်ခြင်းပညာ၊ လူမှုကွန်ယက်မီဒီယာ အသုံးပြုပုံများ၊ လူမှုဝန်းကျင် စီမံကိန်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ကာ စီစဉ်ဆောင်ရွက်ခြင်းဆိုင်ရာပညာရပ်များအပြင် ခေါင်းဆောင်မှုပညာ၊ တီထွင်ဆန်းသစ်မှု နှင့် စီမံခန့်ခွဲမှုပညာများစသည့် ပညာရပ်များ ဖြစ်သည်။ အဆိုပါ ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း သင်ကြားပို့ချခြင်း ပြီးဆုံးပါက ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင်                     Tech Age Girls အစီအစဉ်၏ တွေ့ဆုံပွဲအခမ်းအနားကို စီစဉ်ကျင်းပသွားမည် ဖြစ်သည်ဟုသိရသည်။

အူရီဒူးမြန်မာ ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “Tech Age Girls အစီအစဉ်ရဲ့ ပန်းတိုင်ကတော့ အမျိုးသမီးငယ်တွေကို အခုလို ဒီဂျစ်တယ်နည်းပညာနဲ့ ခေါင်းဆောင်မှုပညာရပ်တွေကို သင်ယူနိုင်မယ့် အခွင့်အလမ်းတွေကို ပံ့ပိုးပေးခြင်းကနေတဆင့် သူတို့ရဲ့ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ သူတို့အတွက် အလုပ်အကိုင်တွေ ရရှိနိုင်အောင် မြှင့်တင်ပေးပြီး သူတို့အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိနိုင်စေမယ့် အထောက်အပံ့တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အူရီဒူး က ၂၀၁၉ခုနှစ် တစ်နှစ်လုံးအတွက် ဒီအစီအစဉ်ကို ဂုဏ်ယူစွာနဲ့ အပြည့်အဝ ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒီပညာရပ်တွေကို သင်ကြားပြီးတဲ့ အမျိုးသမီးလေးတွေဟာ  သူတို့ရဲ့ လူမှုဝန်းကျင်မှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ပြီး သူတို့နဲ့အတူ လူငယ်တွေအပါအဝင် လူမှုဝန်းကျင်တစ်ခုလုံးကို မြန်မာနိုင်ငံရဲ့ ပိုမိုတောက်ပတဲ့ ဒီဂျစ်တယ် အနာဂတ်ဆီကို ခေါ်ဆောင်သွားမယ့် ဦးဆောင်သူတွေဖြစ်လာမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်သည့် Tech Age Girls (TAG) အစီအစဉ်၏ အဓိကကူညီပံ့ပိုးပေးထားသည့် အူရီဒူးမြန်မာသည် သင်တန်းအစီအစဉ် ရန်ပုံငွေအပါအဝင် လက်ပ်တော့နှင့် အူရီဒူး၏ အမြန်ဆန်ဆုံး 4G+ ကွန်ရက် အစရှိသည့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးလျက် ရှိပြီး Tech Age Girls အစီအစဉ်သည် အသက် ၁၆ မှ ၂၀ နှစ် ကြား အမျိုးသမီးငယ်များ၏ နည်းပညာနှင့် ဦးဆောင်မှုဆိုင်ရာ အရည်အသွေးများကို ကျား/မ တန်းတူအခွင့်အရေးမြှင့်တင်ခြင်း နှင့် ကျေးလက်ဒေသ စသည်တို့တွင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုများကို လျော့ချပေးနိုင်ရန် ရည်ရွယ်ပါသည်။ အူရီဒူးသည် အလားအလာရှိသော ဒီဂျစ်တယ်နည်းပညာများကို လမ်းဖွင့်ပေးပြီး မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်နှင့် ဦးဆောင်နိုင်စွမ်းမြင့်မားလာစေရန် ပံ့ပိုးကူညီပေးခြင်းဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (United Nations Sustainable Development Goals -SDGs) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။



Comments