၂၀၁၈ ခုနှစ် Hackathon ပြိုင်ပွဲတွင် အနိုင်ရရှိသူများသည် အကျိုးဖြစ်ထွန်းမှုများ စွမ်းဆောင်နိုင်သည့် ဆန်းသစ်တီထွင်မှုများကို ထုတ်ဖော်

အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် စွန့်ဦးတီထွင်မှု နှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များတွင် အမျိုးသမီးများနှင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း” ခေါင်းစဉ် ဖြင့် ဟက်ကသွန် နည်းပညာဆိုင်ရာပြိုင်ပွဲ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့ပါသည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း၏ တစိတ်တစ်ဒေသအဖြစ် အူရီဒူးနှင့် UNDP တို့သည် Impact Hub နှင့် အတူပူးပေါင်းကာ “Demo Day” အခမ်းအနား ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် တွင် ရန်ကုန်မြို့ရှိ အူရီဒူး မြန်မာ ရုံးချုပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် Hackathon တွင် အနိုင်ရရှိသည့် အဖွဲ့ ၃ သုံးဖွဲ့မှ ၎င်းတို့၏ ဆန်းသစ်တီထွင်မှုများအား အခမ်းအနားသို့ တက်ရောက်ကြသည့် စီးပွားရေးစတင်တည်ထောင်လို သူများ နှင့် ရင်းနှီးမြှပ်နှံလိုသူများ စိတ်ပါဝင်စားမှုရှိလာစေရန် ထုတ်ဖော်ပြသနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟုသိရသည်။

          အဆိုပါ အနိုင်ရရှိသည့်အဖွဲ့များထဲမှ အဖွဲ့နှစ်ဖွဲ့မှာ စိုက်ပျိုးရေးဆိုင်ရာအခန်းကဏ္ဍအတွက် ဆန်းသစ်တီထွင်မှုများကို တင်ဆက်ပြသခဲ့ပါသည်။ Blind Hat အဖွဲ့ ၏ “စိမ်းလဲ့မြေ” အက်ပလီကေးရှင်း သည် တန်ဖိုးကွင်းဆက်အတွင်းရှိ စိုက်ပျိုးရေးနည်းပညာတွင် အကျိုးဖြစ်ထွန်းစေသည့် အထောက်အကူပြုနည်းပညာကဏ္ဍတွင်ပါဝင်ပြီး အရောင်းအဝယ်ဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်ခြင်း၊ ငှားရမ်းခြင်း နှင့် သတင်းအချက်အလက်မျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတဆင့် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ၊ အာဟာရဓာတ်များ နှင့် စက်ကိရိယာများ နှင့်စပ်လျဉ်ပြီး ရောင်းချသူနှင့် ဝယ်ယူသူများအကြား သတင်းအချက်အလက်ကွာဟမှုများမရှိ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူလယ်သမားများ၏ ကုန်စည်စီးဆင်းမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုများကို အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

Team Deca အဖွဲ့ ၏ “Dr.Kyet” အက်ပလီကေးရှင်းသည် ကျေးလက်ဒေသရှိ မွေးမြူရေးသမားများအတွက် အထောက်အကူပြု နည်းပညာကဏ္ဍတွင်ပါဝင်ပြီး ကြက်ဘဲမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မွေးမြူရေးသမားများအတွက် နေ့စဉ်သတင်းအချက်အလက်များရယူနိုင်ခြင်း၊ မေးခွန်းများကိုလျင်မြန်စွာဖြေကြားခြင်း နှင့် အခက်အခဲများကိုဖြေရှင်းခြင်းတို့တွင် အပြန်အလှန်မြန်ဆန်စွာ မေးမြန်းစုံစမ်းနိုင်မည့် chat bot တစ်ခု ပင်ဖြစ်သည်။ ထို့အပြင် ဆန်းသစ်တီထွင်မှု နောက်တစ်ခု ဖြစ်သည့် Team Divas ၏ “HearU” အက်ပလီကေးရှင်းသည် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ခြင်းကဏ္ဍတွင်ပါဝင်ပြီး ကုမ္ပဏီတွင်း မမှန်ကန်သည့် လုပ်ရပ်များကို လူ့စွမ်းအားအရင်းအမြစ်ဌာန နှင့် စီမံခန့်ခွဲမှု ထံသို့ တိုက်ရိုက်သတင်းပို့နိုင်မည့် နည်းပညာ ဖြစ်သည်ဟုသိရသည်။

အူရီဒူးမြန်မာ ၏ CEO ဖြစ်သူ Rajeev Sethi က “ဒီနေ့အခမ်းအနား က လူငယ်တွေကို ဆန်းသစ်တီထွင်မှု အတွေးအကြံ အသစ်အဆန်းတွေ ထုတ်ဖော်ပြသနိုင်အောင် တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီ ဆန်းသစ်တီထွင်တဲ့ အတွေးအကြံတွေက တဆင့် လူနေမှုဘဝတွေကို အင်တာနက်၊ နည်းပညာစွမ်းဆောင်ရည်တွေနဲ့ ပြည့်စုံကြွယ်စေမှာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို အဆင်ပြေချောမွေ့စွာ စီစဉ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အူရီဒူး၏ ရေရှည်ရည်မှန်းချက် နဲ့ ကတိကဝတ်တွေဟာ လူငယ်တွေကို ဒီဂျစ်တယ်အသွင်ကူပြောင်းရေးကဏ္ဍမှာ စိတ်အားတက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အူရီဒူးက ဆန်းသစ်တီထွင်မှုတွေမှာ စိတ်အားတက်ကြွမှု အပြည့်ရှိတဲ့ မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းတွေကို စဉ်ဆက်မပြတ် ကူညီပံ့ပိုး သွားမှာဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျိုးဖြစ်ထွန်းမှုစွမ်းဆောင်နိုင်မယ့်အတွေးအကြံတွေကို ဒီလို နည်းပညာတွေကိုအသုံးပြုပြီး နေ့စဉ်ဘဝထဲမှာ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဆက်လက်အားပေး သွားမှာပါ” ဟု ပြောကြား ခဲ့သည်။

အူရီဒူးနှင့် UNDP တို့မှ အဆိုပါ အနိုင်ရရှိခဲ့သည့် အဖွဲ့ ၃ဖွဲ့သည် ၎င်းတို့ အားစိုက်ထုတ်ကြိုးပမ်းထားသည့် ရလဒ်များအပေါ် အခိုင်အမာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရပ်များ တိုးမြှင့်နိုင်စေရန် အခွင့်အလမ်းများဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ နှင့် အခြားအထောက်အကူပြုများပံ့ပိုးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး Impact Hubမှ လမ်းညွှန်ပြသ ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်ဟုသိရသည်။

UNDP Myanmar ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor က “လူငယ်တွေ မှာ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုတွေနဲ့အတူ မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ထိရောက်ကောင်းမွန်တဲ့ပြောင်းလဲမှုကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ UNDP က အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီနေ့မှာ အနိုင်ရရှိသွားတဲ့ အဖွဲ့ ၃ ဖွဲ့ရဲ့ နောက်ဆုံး ရလဒ်တွေကို မြင်ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးစွန့်ဦးတီထွင်မှုတွေကို အဆင်မြှင့်တင်ပေးပြီး မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို ဖော်ဆောင်ရာမှာ တိုးတက်မှုအခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် အကျိုးသက်ရောက်မှုအားကောင်းတဲ့ နိုင်ငံတွင်းမှာ အကျိုးဖြစ်ထွန်းစေမယ့် အထောက်အကူပြုနည်းပညာတွေ အကောင်အထည်ဖော်ဖို့ အတွက် UNDP က ပံ့ပိုးဆောင်ရွက်လျက်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


Comments