“ဂျပန်ရင်သွေး”ရုပ်ရှင်ဇာတ်ကားကိုဖလင်ကားထုပ်မှ Digital Restoration စနစ်သို့ ကူးပြောင်းပြီး ပြန်လည် ထိန်းသိမ်းသွားမည်
၁၉၃၅ ခုနှစ်တွင် ဒါရိုက်တာဦးညီပုမှဂျပန်-မြန်မာ ပူးပေါင်း ဖန်တီးသည့် ပထမဆုံး ဂျပန်-မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သောဂျပန်ရင်သွေးရုပ်ရှင်ဇာတ်ကား၏ဂျပန်ရှိ အမျိုးသားရုပ်ရှင်မော်ကွန်းတွင်သိမ်းဆည်းထားသောဖလင်ကားထုပ်မှ Digital Restoration စနစ်သို့ ကူးပြောင်းပြီး ပြန်လည် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။
“ဂျပန်ရင်သွေး ရုပ်ရှင်ဇာတ်ကားအား Digital Restoration လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးရေး စင်တာ၌ကျင်းပခဲ့ခြင်းဖြစ်သည်။
Digital စနစ်သို့ ကူးပြောင်းရန်အတွက် Imagica Lab. Inc က လုပ်ဆောင် သွားမည်ဖြစ်ပြီး ထိုသို့ ထိန်းသိမ်းနိုင်ရန်အတွက် အေဝမ်းဖလင် ကုမ္ပဏီနှင့် Save Myanmar Film တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဂျပန်အစိုးရအဖွဲ့အစည်း တစ်ခုဖြစ်သော Agency for Cultural Affairs က ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
“ဂျပန်ရင်သွေး”ရုပ်ရှင် ဇာတ်ကားသည် ပထမဆုံး ဂျပန်-မြန်မာ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဂျပန်တွင်ရောက်ရှိခဲ့သည့် ဒါရိုက်တာဦးညီပုနှင့် ဂျပန်နိုင်ငံ PCL ကုမ္ပဏီတို့ ပူးပေါင်းမှုအောက်တွင် အတူတကွ ဖန်တီးခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလူငယ်တစ်ဦးနှင့် ဂျပန်မိန်းမပျိုတစ်ဦးတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားသော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၎င်းရုပ်ရှင်စတင်ပြသချိန်တွင် မြန်မာနိုင်ငံ၌အကြီးအကျယ် ရေပန်းစားလူကြိုက်များခဲ့သော ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။

Comments
Post a Comment