မိုးဗြဲရေလှောင်တမံကို ၂၄ နာရီ အသုံးပြုနိုင်ခြင်းကြောင့် အင်းလေးကန်အထိ ရေလမ်းခရီးသွားလာသူ ပိုမိုများပြား

ကယားပြည်နယ် လွိုင်ကော်မြို့မှ ရေလမ်း ခရီးကိုအသုံးပြုကာ မိုးဗြဲရေလှောင်တမံအတွင်း ဖြတ်သန်းပြီး အင်းလေးအထိ သွားလာသည့် ခရီးစဉ်ကို ယခုအခါ ၂၄ နာရီ အသုံးပြုနိုင်ရန် စီစဉ်ထားခြင်း ကြောင့် ခရီးသွားလာသူများ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း သိရသည်။

မိုးဗြဲရေလှောင်တမံကို ၁၉၆၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တာတမံအလျားသည် ပေ ၈၀၀၀ ခန့်နှင့် အမြင့်ပေ ၆၀ ရှိပြီး ရေတံခါးမှာလေးပေါက် ပါဝင်ကြောင်း သိရသည်။ ရေမိုင်အရှည်သည် လွိုင်ကော်မှ ရေတံခါးအထိ ၁၈ မိုင်ခန့် ကွာဝေးပြီး ရေတံခါးမှ အင်းလေးအထိ ၇၆ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

အဆိုပါ ရေတံခါးကို ယခင်က ပိတ်ထားခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရေတံခါးကို အချိန်ပြည့် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားခြင်းကြောင့် အချိန်မရွေးရေတံခါးကို ဖြတ်ကျော်ကာ အင်းလေးကန်အတွင်း သွားရောက် လည်ပတ်နိုင်ခြင်းကြောင့် ခရီးသွားများ ပိုမိုနှစ်ခြိုက်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်နယ်ရုံးမှ သိရသည်။

လွိုင်ကော်မြို့မှ ရေလမ်းခရီးဖြင့် အင်းလေးသို့ သွားလာရန် ယခင်က ရေတံခါးကို အချိန်ဖြင့်သာ ဖွင့်ပေးသော်လည်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂၄ နာရီ သွားလာနိုင်အောင် ရေတံခါးတွင် အချိန်ပြည့် ဝန်ထမ်းများကို ထားရှိဆောင်ရွက်ပေးနေကြောင်း သိရသည်။

''မိုးဗြဲရေလှောင်တမံကို ရောက်ဖို့ လွိုင်ကော်ကနေ ၁၅ မိနစ်ကြာ စက်လှေစီးရပါတယ်။ ဖယ်ခုံမြို့ အထိဆိုရင် ၄၅ မိနစ်အကြာ စီးနင်းရသလို လွိုင်ကော်ကနေ အင်းလေးအထိ ဆိုရင် အချိန် ၁ နာရီခွဲဝန်းကျင် စီးနင်းရတာ ဖြစ်ပါတယ်။ အများစုကတော့ ရေလမ်းခရီးကနေ မြင်တွေ့ရမယ့် သဘာဝ အလှအပတွေကို ကြည့်ရှုဖို့အတွက်ဖြစ်ပါတယ်။ အချိန်မရွေး သွားလာနိုင်တဲ့အတွက် အတော်လေး အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ရေတံခါးမှာ စက်လှေတစ်ခါဖြတ်ရင် လေးစီးအထိ သွားလို့ ရပါတယ်။ ရေတံခါးဖြတ်သန်းချိန်ကတော့ ငါးမိနစ်သာ ကြာမြင့်ပါတယ်'' ဟု ကယန်းအလှ ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးသန်းထွေးက ရှင်းပြသည်။

ရေတံခါးဖြတ်ကျော်ရမှုကြောင့်လည်း ခရီးစဉ်ကို လူစိတ်ဝင် စားခြင်းဖြစ်ပြီး ရေအမြင့်ကို ချိန်ညှိကာ တံခါးများကို အတင် အချပြုလုပ်ပေးခြင်းဖြင့် ရေလှောင်တမံမှတစ်ဆင့် အင်းလေးကန် အတွင်းသို့ ဖြတ်သန်းဝင်ရောက်ရခြင်းဖြစ်သည်။ ရေလမ်းခရီး ပိုမိုခေတ်စားလာခြင်းကြောင့် သမိုင်းဝင် မိုးဗြဲဘုရားဖူးမြော်သူများနှင့် စည်ကားလာပြီး လွယ်ပန်းဆုံအပါအဝင် စက်လှေခရီး တစ်လျှောက်မှ ကျေးရွာဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာပြီဖြစ်သည်။ စက်လှေခရီးတွင် ဘုရားနီ၊ ဖောင်းတော၊ ဘုရားဖြူကျေးရွာများမှ ဒေသခံများ၏ ရိုးရာနေထိုင်မှုများနှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လေ့လာနိုင်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

စက်လှေတစ်စင်းတွင် ခရီးသည်ခြောက်ဦးခန့် တင်ဆောင်သွားကြပြီး ခရီးသွားလာစဉ် လုံခြုံရေး အတွက်ပါ ကြိုတင်စီမံမှုများ ပြုလုပ် ထားကြောင်း သိရသည်။ မိုးဗြဲရေလှောင်တမံမှ စိုက်ပျိုးရေး အတွက် လည်း စိုက်ပျိုးမြေဧက နှစ်သောင်းအား ရေပေးဝေနိုင်ခြင်းကြောင့် ဒေသကိုအကျိုးပြုသည့် ရေလှောင်တမံဖြစ်ကြောင်း သိရသည်။


Source. ကယားပြည်​နယ်​(ပြန်​/ဆက်​ သတင်းအဖွဲ့သားများ)

Comments