မိုဘိုင်းဝန်ဆောင်မှုကို အသုံးပြုသူများအကြား ဒီဂျစ်တယ်ဆိုင်ရာ အကန့်အသတ်များကို လျော့ကျစေရန်အတွက် အင်တာနက် အသုံပြုမှုဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် သင်တန်းပို့ချပေး
“ဒီဂျစ်တယ်ဘဝပြည့်စုံဖို့ အင်တာနက်ဖြင့်လေ့လာစို့” လူမှုအကျိုးပြုစီမံကိန်း၏ ပထမခြေလှမ်း အဖြစ် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေးအစီအစဉ် “Internet 1O1” (Internet One on One) ကို Facebook၊ GSMA တို့နှင့်အတူOoredoo Myanmar က ပူးပေါင်းကာ စတင် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူမှုအကျိုးပြုစီမံကိန်းသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး အင်တာနက်အသုံးပြုမှုဆိုင်ရာ အကျိုးကျေးဇူးများ၊ အင်တာနက်အသုံးပြုရာတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များ နှင့် ဘေးကင်းလုံခြုံမှုရှိစွာ၊ တာဝန်ယူလိုစိတ်ရှိစွာ အသုံးပြုမှုဆိုင်ရာ အသိပညာကို မျှဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟုသိရသည်။
“Internet 1O1” (Internet One on One) အစီအစဉ် ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၁၅ရက် တွင် စတင်ခဲ့ကာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး တို့အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့များ၏ မြို့စွန်ဒေသများရှိ အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များနှင့် လက်လီဆိုင်များတွင် မျှဝေပေးချပေးလျှက်ရှိပြီး သင်တန်းပို့ချပေးခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ၏ ဒီဂျစ်တယ်ဗဟုသုတများ တိုးပွားလာစေရေး၊ မှားယွင်းသည့်သတင်းအချက်အလက်များနှင့် ဆိုရှယ်မီဒီယာကဏ္ဍအပါအ၀င် အင်တာနက်ပေါ်တွင် တရားမဝင်လုပ်ရပ်များ အန္တရာယ်မှ ကာကွယ်ရေးတို့ ဖြစ်သည်ဟုသိရသည်။
ထို့ကြောင့် အူရီဒူးမြန်မာသည် အဆိုပါ အစီအစဉ်ကို ၂၀၁၉ခုနှစ် သြဂုတ်လကုန်အထိ ဆက်လက် ပံ့ပိုးသွားမည် ဖြစ်ကြောင်းသိရသည်။
အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “Internet 1O1 အစီအစဉ် ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဂျစ်တယ် ဗဟုသုတတွေကို လုံခြုံစိတ်ချရစွာနဲ့ လက်တွေ့အသုံးပြုနိုင်အောင် လမ်းညွှန်ပြသပေးရာကနေ နိုင်ငံတစ်ဝန်းမှာ ဒီဂျစ်တယ်ဆိုင်ရာ ဗဟုသုတတွေကို ပိုမိုသိရှိနားလည်စေပြီး ဒီဂျစ်တယ်အသိပညာ ကွာဟချက်တွေကိုလည်း လျော့ချပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်ရဲ့ အကျိုးကျေးဇူးတွေက ကျွန်တော်တို့ရဲ့ လူနေမှုဘဝ နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ပြုနေပါတယ်။ အူရီဒူးက အခုလို လူမှုအကျိုးပြု အစီအစဉ်တွေနဲ့အတူ မြန်မာနိုင်ငံသားတွေအတွက် ဒီဂျစ်တယ် လူနေမှုဘဝပြည့်စုံကြွယ်ဝစေဖို့အတွက် ဆက်လက်ပြီး ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Comments
Post a Comment