ပဉ္စမအကြိမ်မြောက် PropertyGuru Myanmar Property Awards ဆုပေးပွဲ ထပ်မံကျင်းပမည်


ပဉ္စမအကြိမ်မြောက် PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲသည် အကောင်းဆုံး ဘက်စုံသုံး အဆောက်အဦ တည်ဆောက်သူဆု၊ အကောင်းဆုံး ပညာရေးဆိုင်ရာအဆောက်အဦ တည်ဆောက်သူဆု၊ အကောင်းဆုံး ကျန်းမာရေးအဆောက်အဦ တည်ဆောက်သူဆု၊ အကောင်းဆုံး ဖျော်ဖြေရေး အဆောက်အဦးဆု၊ အကောင်းဆုံး အမိုးပေါ်အထပ် တည်ဆောက်သူဆု၊ အကောင်းဆုံး အားကစားအဆောက်အဦ တည်ဆောက်သူဆု၊ အကောင်းဆုံး Smart Building တည်ဆောက်သူဆုနှင့် အကောင်းဆုံး မြို့နယ်ဖွံ့ဖြိုးရေး တည်ဆောက်မှုဆု စသည့် ဆုများဖြင့် အများပြည်သူရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်​​ကြောင်းသိရသည်​။

ကမ္ဘာ့အကြီးဆုံး ဆုရွေးချယ်ရေးနှင့် စာရင်းစစ်အဖွဲ့တစ်ခုဖြစ်သော BDO ၏ စောင့်ကြည့်လမ်းညွှန်များဖြင့် သစ်လွင်ပြီး အမှီအခိုကင်းသော ဒိုင်အဖွဲ့တို့ ပေါင်းစပ်ခြင်းကြောင့် ဆုရွေးချယ်ပေးမှုသည် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနှင့် ထူးခြားမှုအရှိဆုံး ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။

အများပြည်သူတို့အနေဖြင့် အွန်လိုင်းမှ အမည်စာရင်း ပေးသွင်းခြင်းကို ၀ဘ်ဆိုက်လိပ်စာ http://www.asiapropertyawards.com/nominations/ တွင် သြဂုတ် ၁၆ ရက်၊ သောကြာနေ့အထိ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ တာဝန်ရှိ ကိုယ်စားလှယ်များအနေဖြင့် အရည်အချင်းပြည့်ဝသော ဝင်ရောက်ယှဉ်ပြိုင်မှုများကို သြဂုတ် ၂၃ ရက် နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်​ကြောင်းသိရသည်​။
ယခုနှစ် ဆုချီးမြှင့်ပွဲ၏ လွတ်လပ်သော ဒိုင်အဖွဲ့တွင် ဥက္ကဌအသစ် မစ္စတာ Tony Picon ဦးဆောင်သည့် ဘက်မလိုက်သော ဂုဏ်သရေရှိ ပညာရှင်များပါဝင်ပြီး ၄င်းတို့၏ အချိန်နှင့် ကျွမ်းကျင်မှုများကို စိုက်ထုတ်လုပ်အားပေးသွားမည် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အိမ်ရာဖွင့်ဖြိုးမှု အတိုင်ပင်ခံလောကတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံ ရှိသော မစ္စတာ Tony Picon သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ကုန်သည်များအသင်းချုပ် (British Chamber of Commerce in Myanmar) ၏ ဥက္ကဌဟောင်းလည်း ဖြစ်သလို လက်ရှိတွင် New Asia Property Consultants လီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်​ဟုသိရသည်​။

“ကျွန်တော့်အနေနဲ့ အာရှတလွှားနဲ့ မြန်မာနိုင်ငံမှာ လေးစားယုံကြည်ခံရဆုံး အိမ်ခြံမြေဆုများပေးအပ်ပွဲဖြစ်တဲ့၂၀၁၉ ခုနှစ် PropertyGuru Myanmar Property Awards ဆုချီးမြှင့်ခြင်းအစီအစဉ်ရဲ့ ဒိုင်လူကြီးအဖွဲ့ဥက္ကဌအဖြစ် ရွေးချယ်ခံရတာ အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ ဒိုင်လူကြီးတွေထဲက အခြားကျွမ်းကျင်တဲ့အခြား ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အရည်အသွေးရော ဒီဇိုင်းရောနှစ်မျိုးလုံးကို မြှင့်တင်ဖို့ ကြိုးစားလုပ်ကိုင်နေကြတဲ့ အကောင်းဆုံး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒီဇိုင်းနာတွေနဲ့အတူ CSR နဲ့ အများပြည်သူအတွက် အကောင်အထည်ဖော်ဆောင်ရေး ကဏ္ဍတွေမှာ အကောင်းဆုံး ပြုလုပ်ကြတဲ့သူတွေကို အသိအမှတ်ပြု ဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်”ဟု Picon က ရန်ကုန်မြို့၊ Strand ဟိုတယ်တွင် ပြုလုပ်သော ဆုပေးပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုနှစ် ဒိုင်လူကြီးအဖွဲ့ဝင်တွင် အသစ်ပါဝင်လာသူများမှာ မြန်မာနိုင်ငံ အိမ်ခြံမြေတည်ဆောက်ရေးအသင်း၏ ဥက္ကဌနှင့် အာဆီယံအိမ်ခြံမြေမဟာမိတ်ကွန်ရက် (ARENA) ၏ ဥက္ကဌဖြစ်သူ ဦးခင်မောင်သန်း၊ Creative Fox Design & Build ကုမ္ပဏီ၏ တည်ထောင်သူ ဒေါ်မေစိုးယု၊ MAA Group Consulting Engineers မှ Corporate Development အမှုဆောင်ဒုဥက္ကဌနှင့် ဥက္ကဌ၏ အထူးလက်ထောက်ဖြစ်သူ David Moh ၊ Principle Design Engineer နှင့် စီမံကိန်းမန်နေဂျာ အကြံပေး ဒေါက်တာ စိုးသိန်း၊ City Mart Holding Company Ltd မှ ဘဏ္ဍာရေးကြီးကြပ်သူ ဦးဇော်မြင့်တိုးတို့ ဖြစ်သည်​ဟုသိရသည်​။
အကောင်းဆုံးများအပြင် CSR ကဏ္ဍဆု၊ လူထုအတွက် တည်ဆောက်ရေးကဏ္ဍဆု၊ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးဆု၊ ရေရှည်တည်တံ့သော စီမံကိန်းဆု စသည့် အထူးသီးသန့်ဆုများလည်း ပေးအပ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆုရရှိသူများသည် အာရှဒေသတွင်း PropertyGuru Asia Property Awards Grand Final ပွဲသို့ ဆက်လက်တက်လှမ်းပြီး လုပ်ငန်းပိုင်း ပြီးစီးအောင်မြင်မှုများနှင့် နောက်ဆုံးပေါ် ရင်းနှီးမြှုပ်နှံနိုင်သည့် အိမ်ခြံမြေစီမံကိန်းများကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူကြီးများရှေ့တွင် တင်ပြရမည်ဖြစ်သည်။ အဆိုပါ Grand Final ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ၌ ကျင်းပသွားမည် ဖြစ်ပြီး အာရှ-ပစိဖိတ် ဒေသတွင်းမှ အိမ်ခြံမြေစီမံကိန်းတစ်ဒါဇင်ကျော်မှ တက်ရောက်ကြမည် ဖြစ်​ကြောင်းသိရသည်​။





ယခု ၂၀၁၉ ခုနှစ် ဆုပေးပွဲတွင် Kohler ၏ ပံ့ပိုးမှုနှင့်အတူ ပဏာမထိပ်တန်းရွေးချယ်ခံရသူ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၂၂ ဦးတို့အတွက် ဂုဏ်ပြုညစာစားပွဲနှင့် ဆုပေးပွဲအခမ်းအနားတို့ ပါဝင်မည်ဖြစ်​ကြောင်းသိရသည်​။

Comments