မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ဖွံ့ဖြိုးတိုးတက်လာသည်ကို Visa သုံးသပ်တွေ့ရှိ


မြန်မာနိုင်ငံထုတ် Visa ကတ်များဖြင့် စုစုပေါင်းသုံးစွဲမှုပမာဏသည် ယမန်နှစ် မတ်လနှင့် နှိုင်းယှဉ်လျင် ၂၀၁၉ မတ်လ တွင် ၂၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ငွေလွဲပြောင်း/ငွေလက်ခံအကြိမ်ရေပမာဏသည်လည်း ၆၂ ရာခိုင်နှုန်း၁ အထိ မြင့်တက်လာခဲ့သည်ဟုသိရသည်​။

Visa မြန်မာမှ Country Manager ဖြစ်သူ Ms. Lillian Wang က “ငွေကြေးကိုင်တွယ်သုံးစွဲခြင်းမရှိတဲ့ အကျိုးရလဒ်တွေကို သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သိရှိနားလည်သဘောပေါက်လာပြီး အခုလို မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေ အသုံးပြုမှုတွေ ဆက်လက်များပြားလာတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ Contactless လိုမျိုး ငွေပေးချေမှုနည်းပညာအသစ်တွေ မိတ်ဆက်ပေးခဲ့တာကြောင့်ရယ်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ကျယ်ကျယ် ပြန့်ပြန့်လက်ခံအသုံးပြုလာတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ Visa ရဲ့ contactless နည်းပညာက သုံးစွဲသူ ပြည်သူအများရဲ့ နိစ္စဓူဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်နိုင်ပြီး ကုန်သည်များအတွက်လည်း ငွေစက္ကူကိုင်တွယ်သုံးစွဲတဲ့ အလေ့အထကနေ မြန်ဆန်ပြီး စိတ်ချလုံခြုံတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေကို အသုံးပြုနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
  
ဒစ်ဂျစ်တယ်ငွေပေးချေမှုလက်ခံအသုံးပြုသည့် ဆိုင်အရေအတွက်မှာလည်း ပိုမိုများပြားလာပြီး ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်​ဟုသိရသည်​။
“နိုနိုင်ငံတစ်နိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရယူနိုင်ပြီး နိုင်ငံရဲ့ တစ်ရိပ်ရိပ်တက်နေတဲ့ စီးပွားရေးအရှိန်အဟုန်တွှေ ဆက်လက်မြင့်တက်ဖို့အတွက်ဆိုရင် အကျိုးထိရောက်မှုရှိတဲ့ စီးပွားရေးတစ်ရပ် ရေရှည် တည်တံ့ခိုင်မြဲမှုရဲ့ အဓိက ပင်မကျောရိုးဖြစ်တဲ့ ကမ္ဘာ့စည်းမျဉ်းစည်းကမ်းဥပဒေတွေ၊ သတ်မှတ်အဆင့်အတန်းတွေနဲ့ ကိုက်ညီရမှာဖြစ်တယ်” ဟု Ms. Wang က ဆက်လက်ပြောကြားခဲ့သည်။

မှန်ကန်သင့်လျော်သည့် လုံခြုံရေးဆိုင်ရာ အတိုင်းအတာများ တည်ရှိနေစေရန်အတွက် မိတ်ဖက်ဘဏ်များနှင့် အစိုးရ အဖွဲ့အစည်းများအား ဥပဒေများ၊ အကောင်းဆုံး လက်တွေ့ကျင့်သုံးမှုများအကြောင်း ဝေမျှသည့်အခန်းကဏ္ဍတွင်  Visa မှ တစ်တပ်တစ်အား ဦးဆောင်လုပ်ရှားခဲ့သည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် လုပ်ဆောင်မှုတွင် ငွေကြေးခဝါချမှု ဆန့်ကျင်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်ခဲ့သည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား ကမ္ဘာတစ်ဝန်းနှင့် ဒေသပိုင်းဆိုင်ရာ ငွေကြေးခဝါချမှု ဆန့်ကျင်ရေး လုပ်ထုံး လုပ်နည်းများ၊ Visa ၏ လိုက်လျောညီထွေမှုရှိသည့် ပရိုဂရမ်အကျဉ်းချုံး၊ အကျိုးသက်ရောက်မှုရှိသည့် ငွေလွဲပြောင်း ငွေလွဲစောင့်ကြည့်မှုဆိုင်ရာ ချဉ်းကပ်နည်းနှင့် အကောင်းဆုံးလက်တွေ့ကျင့်သုံးသည့် နည်းလမ်းများအား မျှဝေခဲ့
သည်​ဟုသိရသည်​။

“Visa ဟာ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၀၀ ကျော်မှာရှိတဲ့ သုံးစွဲသူတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းများကြားမှာ ချိတ်ဆက်ပေးနေတဲ့ ကမ္ဘာ့ငွေပေးချေမှုနည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတစ်ခု ဖြစ်တာကြောင့် Visa မှာ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်တဲ့ အတွေ့အကြုံများစွာရှိပါတယ်။ အခုလို ကျွန်မတို့ရဲ့ ဗဟုသုတတွေကို ဝေမျှပေးနိုင်တဲ့အတွက် ဝမ်းမြောက်လှပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ကျွန်မတို့ရဲ့ မိတ်ဖက်များအတွက် အကျိုးရှိရှိနဲ့ မိမိတို့ရဲ့ လုပ်ဆောင်မှုစွမ်းရည် မြှင့်တက်လာစေမှာဖြစ်ပြီး မိမိတို့လုပ်ငန်းနဲ့ မြန်မာ့စီးပွားရေး တိုးတက်လာရေးမှာ အနှောက်အယှက်ပေးမယ့် ဆိုးကျိုးသက်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင် လျော့ချသွားနိုင်မယ်လို့ မျော်လင့်ပါတယ်” ဟု Ms. Wang က ပြောကြားခဲ့သည်။

Comments