ကမ္ဘောဇဘဏ်က Smile Asia နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်အတွက် Asia Responsible Enterprise Awards 2019 ဆုကြီး ဂုဏ်ပြုချီးမြှင့်ခံရ


မန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် နိုင်ငံတစ်ဝန်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေး၊ လူကြီးမရွေး အခမဲ့ ခွဲစိတ်ကုသနိုင် မည့် အစီအစဉ်များကို Smile Asia နှင့်ပူးပေါင်း၍ ဦးစီးလုပ်ကိုင်ပေးမှုများကြောင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်လှုပ်ရှားမှု ဆုအမျိုးအစားအောက်တွင် Asia Responsible Enterprise Awards (AREA) 2019 ဆုရှင်အဖြစ် ဂုဏ်ပြုချီးမြှင့်ခံ ခဲ့ရသည်။

Asia Responsible Enterprise Awards (AREA) ဆုကို အစိုးရမဟုတ်သော ရှေ့ဆောင် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Enterprise Asia က အာရှဒေသတစ်လွှားရှိ စွန့်ဦးတီထွင်လုပ်ငန်းများ၏ ထိပ်တန်း လူမှုအကျိုးပြု လှုပ်ရှားမှုများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ရန်နှင့် လူမှုပတ်ဝန်းကျင်အတွက် တာဝန်ယူ ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ အားပေးနိုင်ရန် ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်​ကြောင်းသိရသည်​။

ကမ္ဘောဇဘဏ်သည် အဆိုပါ ဆုကြီးကို ပထမဦးဆုံးအကြိမ်အဖြစ် လက်ခံ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် AREA ဆု ချီးမြှင့်ခံခဲ့ရသည့် အာရှဒေသတစ်လွှားမှ စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြု စီမံကိန်းများနှင့် ဦးစီးဦးဆောင်သူ (၆၀) အနက် တစ်ခုအပါအဝင် ဖြစ်ပသည်။ ယခုနှစ်အတွက် ဆုအမျိုးအစား (၆) မျိုး သတ်မှတ်ထားရာ အာရှပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း (၂၀၀) ကျော် ရှိခဲ့သည်။

ဤ ဆုကြီးသည် စင်ကာပူနိုင်ငံအခြေစိုက် ပရဟိတအဖွဲ့အစည်းဖြစ်သော Smile Asia နှင့် ကမ္ဘောဇဘဏ်၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ လူမှုရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်သည့် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) တို့ ပူးပေါင်း၍ အပြုံးလက်ဆောင်တစ်ခုမှတစ်ဆင့် လူအများ၏ ဘဝကို သိသိသာသာ ကောင်းကျိုးပြုနိုင်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ခဲ့သည့်  ကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်​ကြောင်းသိရသည်​။

၂၀၁၆ ခုနှစ်မှစတင်၍ အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်ပေါင်း (၆) ကြိမ် ကျင်းပပြုလုပ်ခဲ့ ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်ပေါင်း (၅၀၀) ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပခဲ့​ကြောင်းသိရသည်​။
ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ ဒေါ်နန်းလိုင်းခမ်းက “ကျွန်မတို့အနေနဲ့ ဒီဆုကြီးကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေအတွက် အခမဲ့ ကုသရေးအစီအစဉ်တွေကို  တောင်ကြီးမြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပပြုလုပ်နိုင်အောင် အဘက်ဘက်က ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ Smile Asia ၊ မိတ်ဖက်ဆေးရုံများ၊ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့ကြတဲ့ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘောဇကုမ္ပဏီများအုပ်စုက ဝန်ထမ်းများ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် ဒေသတွင်း အစိုးရ အဖွဲ့အစည်းများ အားလုံးကို ဒီဆုနဲ့ ဂုဏ်ပြုချင်ပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ မေတ္တာတရားရယ်၊ ချစ်ခင် ကြင်နာမှုရယ်ကို အရင်းခံပြီး အသက်ကြီးငယ်မရွေး လူသားတိုင်းအတွက် ဘဝနေထိုင်မှု အဆင့်အတန်း မြှင့်တင်ပေး  နိုင်အောင် ဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု၊ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) နဲ့ Smile Asia စတဲ့ အဖွဲ့အစည်းတွေရဲ့ စုပေါင်းအင်အားနဲ့အတူ  ရှေ့လျှောက် ကုသရေးအစီအစဉ်တွေ အများကြီး ထပ်ပြီး လုပ်ဆောင်သွားဖို့မျှော်မှန်းထားပါတယ်” ဟု ပြောသည်။

          ကမ္ဘောဇဘဏ်၊ BFM နှင့် Smile Asia တို့ ပူးပေါင်း၍ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ် နှစ်ခုကို ယခုနှစ် အတွင်း ထပ်မံ ကြီးမှူးကျင်းပသွားမည် ဟုသိရသည်​။

မြန်မာနိုင်ငံ၏ သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဋ္ဌမအကြိမ်မြောက် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပ  သွားမည် ဖြစ်​ကြောင်းသိရသည်​။

Comments