MPT က ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်တွင် တက္ကသိုလ်၂၉ ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၀၀ နီးပါးကို အလုပ်သင် သင်တန်းသားအဖြစ်လက်ခံဆောင်ရွက်သွားမည်
ဆက်သွယ်ရေးအော်ပရေတာ MPT သည် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းပေါင်း ၂၉ ကျောင်း မှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၃၉၆ ဦးကို အလုပ်သင် သင်တန်းသားအဖြစ် သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်ရန် လက်ခံလိုက်ပြီ ဖြစ်သည်။
MPT ၏ ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်သည် မေလ ၆ ရက်မှ ဇွန်လ ၂၈ ရက်အထိ သင်ကြားပေးမည်ဖြစ်ပြီး MPT ရုံးချုပ် အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ MPT ရုံးခွဲများမှ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ က ကျောင်းသားကျောင်းသူများကို ရှင်းလင်းသင်ကြားပြသပေးသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်း ကူညီထောက်ပံ့မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှတစ်ဆင့် ကျောင်းသားကျောင်းသူများသည် တိုင်းပြည်၏ အနာဂတ် ဆက်သွယ်ရေးကဏ္ဍအတွက် ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာမည့် အကျိုးရလဒ်ကောင်းများစွာ ရရှိစေမည် ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT ၏ ရုံးခွဲ ၁၇ နေရာတွင် ကျောင်းသားကျောင်းသူ (၂၅၃) ဦးနှင့် ရန်ကုန်တွင် ကျောင်းသားကျောင်းသူ (၁၄၃) ဦးတို့သည် ဆက်သွယ်ရေး လုပ်ငန်းခွင်အတွင်း မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို လက်တွေ့လေ့လာ သင်ယူခွင့်ရရှိမည်ဖြစ်ပြီး စီမံခန့်ခွဲခြင်းပညာ နှင့် နောက်ဆုံးပေါ်ကွန်ရက်နည်းပညာစနစ်များ ထိန်းသိမ်းဆောင်ရွက်နေပုံများ နှင့် စပ်လျဉ်းသော လုပ်ငန်းခွင် ဆက်စပ်ပညာရပ်များစွာကို လက်တွေ့လေ့ကျင့်ခန်းများနှင့် လေ့လာသင်ယူနိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ်တွင် MPT သည် ရန်ကုန်ရှိ အလုပ်သင် သင်တန်းသား ၁၄၃ ဦးထဲမှ ထူးချွန်ကျောင်းသား ၁၅ ဦးအား ထပ်မံရွေးချယ်ကာ အလုံမြို့နယ်ရှိ MPT ၏ Network ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) တွင် အလုပ်သင်အစီအစဉ် အတွက် ပိုမိုထိရောက်စွာ ဆက်လက်လေ့လာစေရန် ရွေးချယ်သွားမည် ဖြစ်သည်ဟုသိရသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်းမှ “ ကျွန်တော်တို့ MPT အနေနဲ့ နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူပေါင်း ၁, ၃၀၀ ကို လုပ်ငန်းခွင်အရည်အသွေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အသိပညာတွေကို မျှဝေတိုးတက်စေခဲ့ပါတယ်။ ယခုနှစ်မှာလည်း လုပ်ငန်းခွင် အစီအစဉ်ကနေတစ်ဆင့် တက္ကသိုလ်အဆင့်ကျောင်းသားတွေကို လက်တွေ့ ကျွမ်းကျင်မှုတွေ ၊ အသိပညာတွေကို စာသင်ခန်းတွေထဲမှာ သူတို့တတ်ကျွမ်းလေ့လာထားတဲ့ အရာတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုကျယ်ပြန့် စွာလေ့လာဖို့ အကူအညီပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုအစီအစဉ်ထဲကနေပြီးတော့ ရန်ကုန်ကထူးချွန်တဲ့ ကျောင်းသား ၁၅ ယောက်ကိုလည်း MPT ရဲ့ Network ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) မှာ လက်တွေ့လုပ်ငန်းခွင်ဝင်ပြီး MPT ရဲ့ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လုပ်ငန်းဆောင်ရွက်မှုတွေမှာ အတူတူပါဝင်လုပ်ကိုင်ခွင့်ရဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့လည်း ယခုလိုအစီအစဉ်မှာ ပါဝင်လာကြတဲ့ ကျောင်းသားကျောင်းသူအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပြီး ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်ရေး နည်းပညာနယ်ပယ်ကတစ်ဆင့် ဆောင်ရွက်ပေးနိုင်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟုပြောကြားခဲ့သည်။

ယခုနှစ် လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးကာလအစီအစဉ်အတွင်း ကျောင်းသားကျောင်းသူများက လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (HSE) ၊ သတင်းအချက်အလက်လုံခြုံရေး သင်တန်းများအကြောင်း ပို့ချခြင်းကို အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်အသီးသီးမှ ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီး အခြေခံစီးပွားရေးသင်တန်း နှင့် နည်းပညာ သင်တန်းများကို အဖွဲ့လိုက် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးတွင် လက်တွေ့လုပ်ဆောင်ကြရမည်ဖြစ်ကာ သင်တန်းပြီးဆုံးချိန်၌ MPT တွင် သင်ယူခဲ့ရသည့် အတွေ့အကြုံများကို သက်ဆိုင်ရာအဖွဲ့များက အဖွဲ့လိုက် ရှင်းလင်း တင်ပြကြရမည်ဖြစ်သည်ဟုသိရသည်။
“စာသင်ခန်းထဲမှာသင်ကြားရတာတွေရယ် လက်တွေ့လုပ်ငန်းခွင်ရယ်မှာ မတူညီတာတွေရှိတာကို ကျွန်တော်တို့ကောင်းကောင်းနားလည် သဘောပေါက်ပါတယ်။ MPT မှာ အလုပ်သင် သင်တန်းသား အဖြစ်လေ့လာခွင့်ရရှိစေခဲ့တဲ့အတွက် ဒီအစီအစဉ်ကနေတစ်ဆင့် ကျွန်တော်တို့တွေ ကျောင်းမှာ သင်ကြားခဲ့ ရတဲ့ ကွန်ရက်ချိတ်ဆက်တာတွေ ၊ fixed line နဲ့ မိုဘိုင်းလ်ကွန်ရက်လုပ်ဆောင်မှုအပိုင်းတွေကို လက်တွေ့ ပိုမိုသိမြင်လာအောင် အထောက်အကူ ပေးပါတယ်။ နည်းပညာတက္ကသိုလ် ကျောင်းသား တစ်ယောက်အနေ နဲ့ရော အားလုံးကိုယ်စား MPT ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လာမယ့် ပညာသင်နှစ်တွေမှာလည်း ဒီအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT ရဲ့ အလုပ်သင်အစီအစဉ်ကြောင့် ဒီပညာရပ်တွေကို ရွေးချယ်လေ့လာခဲ့ရတာဟာ မှန်ကန်တယ်လို့ ပိုမိုယုံကြည်လာပါတယ်” ဟု မန္တလေးနည်းပညာ တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်ပြည့်စုံဇော်က MPT ၏ အလုပ်သင်အစီအစဉ်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

Comments
Post a Comment