Grade(3)နှင့် Grade(6) သင်တန်းကာလအတွင်း အကြောင်းကိစ္စအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံးတွင် ဆရာ၊ဆရာမ ၁၁ ဦး သေဆုံး


အလယ်တန်းအဆင့် သင်ရိုးသစ် Grade (3) နှင့် Grade (6) သင်တန်းကာလအတွင်း အကြောင်း ကိစ္စအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံးတွင်  ဆရာ၊ဆရာမ ၁၁ ဦး သေဆုံးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ 

မေလ ၂၂ ရက်က နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါသေဆုံးမှုများသည် သင်တန်းသို့ လာရောက်စဉ် မိုးကြိုးထိမှန်သေဆုံးခြင်း၊ ဆိုင်ကယ်/ကားများဖြင့် မတော်တဆ မှုကြောင့်သေဆုံးခြင်း၊ အပှုရှပ်ခြင်းကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါဖြင့်သေဆုံးခြင်း၊ သွေးကြောကျဉ်းရောဂါကြောင့်သေဆုံးခြင်း၊ သွေးတိုးရောဂါများကြောင့်သေဆုံးခြင်း၊ရုတ်တရက်မူးလဲသေဆုံးခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိ သင်တန်းကာလတွင်လည်း ဒဏ်ရာ ရရှိသူ ၆ ယောက်ထိရှိသည့် အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သင်တန်းများတွင် ကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

သင်ရိုးသစ် Grade (3) နှင့် Grade (6) ကို ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးရှိ အလယ်တန်းပြဆရာ/ဆရာမများအား နှစ်ပတ်ကြာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Comments