အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်းက ပညာသင်ကြားရေးခက်ခဲသော ရှမ်းပြည်နယ်တွင် ကျေးရွာစာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ပေးမည်


အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) သည် မြန်မာနိုင်ငံရှိ ရပ်ရွာအကျိုးပြုလုပ်ငန်းများ လက်တွေ့လေ့လာခြင်းကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသည်နှင့်အညီ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဝမ်ကန်ကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ရန် ထုတ်ပြန်ကြေညာလိုက်​ကြောင်းသိရသည်​။

ယခုစီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) သည် စာသင်ကျောင်းတစ်ကျောင်း၊ ပညာရေးသင်ထောက်ကူပစ္စည်းများ နှင့် ဒေသခံ ဆရာ ဆရာမများအတွက် စွမ်းရည်မြှင့်မွမ်းမံသင်တန်းများပေးရာတွင် ပညာရေးနှင့်သက်ဆိုင်သော အရင်းအမြစ်များအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သောင်းကို မတည်လှူဒါန်းခြင်းဖြစ်သည် ။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အပြည်ပြည်ဆိုင်ရာကလေးများကျောင်း (ISY) သည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ပညာသင်ကြားရေးအတွက် ချို့တဲ့သူများကို အကူအညီပေးနေသည့် United World Schools နှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဝေးလံခေါင်းဖျားသော ဒေသများတွင် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒေသခံများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်​ကြောင်းသိရသည်​။

ဝမ်ကန်ကျေးရွာတွင်နေထိုင်သော လားဟူမိသားစု ၇၇ စုတွင် ကလေးငယ် ၁၀၀ ခန့်ရှိသည်။ အသစ်ဆောက်လုပ်နေသည့် ကျောင်းဆောင်သစ်ကို ယခုလာမည့် ဇွန်လ ကျောင်းဖွင့်ရာသီတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်​ဟုသိရသည်​။
“ဝမ်ကန်ကျေးရွာဟာ ရှမ်းပြည်နယ်မှာ အဆင်းရဲဆုံး အသိုက်အဝန်းထဲက တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဒီလိုပံ့ပိုးမှုကနေတစ်ဆင့် ရွာမှာရှိတဲ့ ကလေးတွေရဲ့ဘဝတွေ နဲ့ မိသားစုတွေအတွက် ပြောင်းလဲမှုတစ်စုံတစ်ရာ ပြုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ ISY ၏ ဒါရိုက်တာ Dr. Gregory A. Hedger က ပြောကြားသည်။

ဝမ်ကန်ကျေးရွာသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိပြီး တရုတ်၊ ထိုင်းနိုင်ငံ၊ လာအိုတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ယခုလအစောပိုင်းကပင် Dr. Hedger၊ Nick Sturmey၊ Florent Robert နှင့် Gavin Ailes တို့ပါဝင်သော ISY ဝန်ထမ်းလေးဦးနှင့်အတူ UWS က Country Manager ဖြစ်သူ ဒေါက်တာကေခိုင်ဝင်းတို့သည် ရပ်ရွာအခြေအနေလိုအပ်ချက်ကို ပိုမိုနားလည်ရန်နှင့် အဆောက်အအုံတည်ရှိရာတို့ကို ပိုမိုသိရှိရန် အချက်အလက်စုဆောင်းရေးအနေဖြင့် သွားရောက်ခဲ့ကြပြီးလက်ရှိတွင် အဆိုပါကျေးရွာ၌ အစိုးရကျောင်းတစ်ကျောင်းရှိပြီး ဆရာ ၂ ဦး  တာဝန်ထမ်းဆောင်လျက်ရှိ​ကြောင်းသိရသည်​။

“ဒီဦးဆောင်မှုနဲ့အတူ ISY ဟာ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဆင်းရဲမှုပပျောက်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ပညာရေးရရှိဖို့ ကူညီပေးနေတာပဲဖြစ်ပါတယ်။” ဟု Dr. Hedger က ထပ်လောင်းပြောကြားသည်။

Comments