ပိန်းဇလုပ်မြို့၌ လမ်းကြိတ်စက် မောင်းနှင်သူ လမ်းကြိတ်စက်ပိ သေဆုံး



ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ တိုက်နယ်ဆေးရုံရှေ့တွင် မေလ ၂၀ ရက်၊နေ့လည် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူ ပိ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ဦးကြည်လွင် (၅၈) နှစ်၊ (ဘ)ဦးသိန်းအောင် မြို့မ(၁) ပိတောက်ရွှေဝါရပ်ကွက်၊ ပိန်းဇလုပ်မြို့နေသူ မောင်းနှင်သည့် ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ချန်ဟိုင်းအမျိုးအစား (အစိမ်းရောင်) သုံးဘီးလမ်းကြိတ်စက်ယာဉ်သည် လုပ်ငန်းခွင်ရပ်နားရန် မြောက်ဘက်မှ တောင်ဘက်သို့ ခေါင်းပြန်လှည့်စဉ် လွန်းထိုးနောက်ဆုတ်ရာမှ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျသွားရာမှ ယာဉ်မောင်း ဦးကြည်လွင်မှာပြုတ်ကျပြီး လမ်းကြိတ်စက်နောက်သံဘီးယာဘက်ခြမ်းအောက်တွင်ပိသွားခဲ့၍ ဝဲမေးရိုးပေါက်ပြဲ၊ ဝဲတင်ပါပွန်းပဲ့၊ ဝဲပါးပေါက်ပြဲ၊ ယာနားထင်ဖူးရောင်၊ ယာပေါင်ပွန်းပဲ့၊ ဝမ်းဗိုက်ယာဘက်ပွန်းပဲ့ဒဏ်ရာများရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည်။

သေဆုံးသူအား ရဲဆေးစာဖြင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး၊ လမ်းကြိတ်စက်မောင်းနှင်သူ ယာဉ်မောင်းဦးကြည်လွင်အား ယာဉ်(ပ)၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်၊ ပိန်းဇလုပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Comments