ပီတီတီအီးပီ မှနှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင် မြန်မာကလေးငယ် ၁၀၀ အား ခွဲစိတ်ကုသရန်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ထောက်ပံ့ပေးအပ်
ပီတီတီအီးပီ မြန်မာ့စီမံကိန်း အနေဖြင့် ၎င်းတို့၏လုပ်ငန်းများအခြေစိုက်ဆောင်ရွက်သည့် နယ်မြေဒေသများရှိ လူမှုအဖွဲ့အစည်း၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်သွားရန် ကတိက၀တ်ထားရှိပြီးယခုကဲ့သို့ အလွန် အရေးပါသော အခါသမယတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် နိုင်ငံတစ်ဝန်းရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအား ကူညီလက်ကမ်းပေးနိုင်ရန် Alliance for Smiles နှင့် ပူးပေါင်းဆောင်ရွက်သွားဟုသိရသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းနှင့် Alliance for Smiles တို့ကြား နားလည်မှုသဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်း အနားကို ယနေ့ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဤအခမ်းအနားသို့ ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet နှင့် စီမံခန့်ခွဲမှုအဖွဲ့၊ Alliance for Smiles ၏ ဥက္ကဌ Dr. Karl Wustrack နှင့် အဖွဲ့ဒါရိုက်တာ Tina Fischlin တို့နှင့်အတူ ၀ိတိုရိယဆေးရုံမှ ဧည့်သည်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ပြည်တွင်းလူမှုအဖွဲ့အစည်းအတွက် အမြဲအလေးအနက်ထား ကူညီဆောင်ရွက်ပေးသွားမည် ဟူသော ကတိက၀တ်ကို ဖြည့်ဆည်းသောအားဖြင့် ပီတီတီအီးပီ မြန်မာ့စီမံကိန်းက နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ် အယောက် ၁၀၀ အား ခွဲစိတ်ပြုပြင်မှုကို ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ထည့်ဝင်လှူဒါန်းခဲ့သည်။ ပီတီတီအီးပီ အနေဖြင့် ယခင်နှစ်များနဲ့ မတူသည့် ဤလူမှုအကျိုးပြုလုပ်ငန်းမှာ တစ်နိုင်ငံလုံးမှ ကလေးငယ်များအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာဟုသိရသည်။
စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကြာအောင် ရေရှည်လုပ်ငန်းတွဲဖက်လုပ်ကိုင်ခဲ့သူ၊ ရင်းနှီး မြှုပ်နှံမှုပြုခဲ့သူတစ်ဦးအနေနဲ့ ဒေသခံလူ့ အဖွဲ့အစည်းများကိုပံ့ပိုးပေးမှုများလုပ်ဆောင်ပေးရာတွင် အထူးသဖြင့်နွမ်းပါးတဲ့ဒေသခံတွေအတွက် ပါဝင်ကူညီဖို့က ကျွန်တော်တို့ အဖွဲ့ အစည်းရဲ့ ဦးစားပေးဆောင်ရွက် မှုတွေးထဲက တစ်ခုပါ။” ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
“ဒီလိုအနေအထားနဲ့မွေးဖွားလာခဲ့ရတဲ့ ကလေးတွေမှာ ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်နိုင်ဖို့ စကားပြောစွမ်းရည် စတဲ့ များပြားလှတဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို တွေ့ကြုံရပါတယ်။ ဒါတင်မကဘဲ သူတို့လေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားခြင်းနဲ့ ယုံကြည်မှုကိုပါ ထိခိုက်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ ကံကောင်းတာ တစ်ခုက တော့ အဲလိုအခြေအနေကို ကောင်းမွန်သွားအောင် ခွဲစိတ်ပြုပြင်လို့ရနိုင်ပါတယ်။ ခွဲစိတ်မှုခံယူပြီးတဲ့ ကလေးတွေရဲ့ မိသားစုတွေဆီကနေ မခွဲစိတ်ခင် က ရရှိခဲ့ရတဲ့ စိတ်မကောင်းဖြစ်စရာ အဖြစ်အပျက်တွေကိုလည်း ကျွန်တော်တို့ အများကြီး ကြားခဲ့ မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီခွဲစိတ်မှု က ဆိုရင် ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးအများကြီး ရရှိစေတဲ့အပြင် ဘ၀မှာ အမြဲတမ်း ရဲရဲဝင့်ဝင့်နဲ့ပြုံးပျော်နေနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်း က ကူညီခွင့်ရတာ ဟာ ပီတီတီအီးပီအတွက် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။
Alliance for Smiles နဲ့ ပီတီတီ အီးပီမြန်မာ့စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ “PTTEP Myanmar Asset 100 Smiles Project” ရဲ့ အကျိုးရလဒ်တွေအတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်သာမက လူထုအဖွဲ့အစည်း တစ်ခုလုံးအတွက်ပါ အကျိုးပြုတာကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံချက်ကို အနာဂတ်မှာ ကျွန်တော်တို့အဖွဲ့အစည်းကြီးရဲ့ လူမှုတာဝန်ခံယူခြင်း CSR အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်သွားဖို့ ထည့်သွင်းစဉ်းစားသွားမှာပါ။” ဟု Mr. Piya က ပြောကြားခဲ့ပါသည်။
Alliance for Smiles ၏ စီမံကိန်းဒါရိုက်တာ ဖြစ်သူ Tina Fischlin က “ပီတီတီအီးပီ မြန်မာ့စီမံကိန်းရဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ခွဲစိတ်ကုသပေးမှုမှာ အသိအမှတ်ပြုလက်ခံပေးခဲ့တာက Alliance for Smiles အတွက် အလွန်ဂုဏ်ယူ ၀မ်းမြောက်ရပါတယ်။ လိုအပ်ချက်ရှိနေသ၍တော့ မြန်မာကလေးငယ်တွေအတွက် ကူညီဖို့တုံ့ပြန်သွားမယ်လို့ ကတိက၀တ်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။
Comments
Post a Comment