ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်၍ အောင်မြင်ခဲ့သော ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော် The Big Bad Wolf Book Sale ကို အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ ထပ်မံကျင်းပပြုလုပ်မည်


ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော် the Big Bad Wolf Book Sale ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၌ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့သည်။ ယခုအခါတွင် အထက်မြန်မာနိုင်ငံမှ စာအုပ်ပရိသတ်များ၏ တောင်းဆိုချက်အရ the Big Bad Wolf Book Sale စာအုပ်ဈေးရောင်း ပွဲတော်ကြီးသည် မန္တလေးမြို့တွင် မေလ(၃၁)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။








The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မန္တလေးမြို့၊ မန္တလေး ကွန်ဗင်းရှင်းစင်တာ (MCC) ၌ ၁၁ ရက်တိုင်တိုင် ၂၄ နာရီပတ်လုံး ရောင်းချမှုပုံစံဖြင့် အရည်အသွေးကောင်းမွန်သော အသစ်စက်စက် အင်္ဂလိပ်စာအုပ်များကို မူရင်းဈေး ၏ ၅၀ % မှ ၉၀ % အထိ အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မန္တလေးမြို့ the Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်ကြီးသို့ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး နှစ်သက်ရာ စာအုပ်များကို စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်​ကြောင်းသိရသည်​။

မြန်မာနိုင်ငံတွင် the Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲကို စီစဉ်ကျင်းပသည့် Read 2 Read (Myanmar) ၏ Director ဦးမျိုးအောင်မှ “ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန် the Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်ကြီးကတော့ စာဖတ်သူ၊ စာအုပ်ချစ်သူ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုနဲ့ အထူးအောင်မြင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အထက်မြန်မာနိုင်ငံက စာအုပ်စာပေချစ်မြတ်နိုးသူ၊ စာဖတ်သူ ပရိသတ်ကြီးအတွက် ကမ္ဘာတစ်ဝန်းက အသစ်စက်စက်အင်္ဂလိပ်စာအုပ်တွေကို မယုံနိုင်စရာ အထူးလျော့ဈေးတွေနဲ့ ဖတ်ရှုနိုင်အောင် ရည်ရွယ်ပြီး the Big Bad Wolf Book Sale ရဲ့ ဒုတိယခြေလှမ်းအနေနဲ့ စာအုပ်ဈေးရောင်း ပွဲတော်ကြီးကို မန္တလေးမြို့မှာ ထပ်မံကျင်းပပြုလုပ်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အခုလို စဉ်ဆက်မပြတ် ကြိုးစား အားထုတ်မှုကနေတစ်ဆင့်  မြန်မာပြည်သူတွေ စာဖတ်တဲ့ အလေ့အထကို လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”  ဟု ရှင်းလင်းပြောကြားခဲ့သည်။

“မြန်မာပြည်က စာဖတ်ပရိသတ်တွေနဲ့ မန္တလေးမြို့မှာ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံရမှာကို အရမ်း ဝမ်းသာမိ ပါတယ်။ ဒီနှစ်ဦးပိုင်းမှာ ရရှိခဲ့တဲ့ စာအုပ်စာပေ ချစ်မြတ်နိုးသူတွေ၏ တစ်ခဲနက်အားပေးမှုကြောင့် ကျွန်တော်တို့ အခုလို မန္တလေးမှာ ထပ်မံပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အထက်မြန်မာပြည်က စာဖတ်သူများ စိတ်ကူးဥာဏ် ပိုမိုကောင်းမွန်ပြီး အသိပညာများ တိုးပွားစေဖို့ပဲ ဖြစ်တယ်။ မန္တလေးမှာပြုလုပ်မယ့် the Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်မှာ ပိုမိုစုံလင် များပြားတဲ့ စာအုပ်တွေကို သင့်တော်တဲ့ဈေးတွေနဲ့ရရှိနိုင်အောင်စီစဉ်ထားဖြစ်လို့ အားလုံးပဲ မလွတ်တမ်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်
ချင်ပါတယ်။ ရန်ကုန်မှာ ကျင်းပပြုလုပ်ပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်း လာရောက်လည်ပတ်ဝယ်ယူသူ တစ်သိန်းခွဲနှင့် အထက် ရှိခဲ့ပြီး သုတ၊ရတ စာပေတွေကို ဝယ်ယူသူများပြားခဲ့ပါတယ်” ဟု the Big Bad Wolf Book Sale ၏ Group Head of Marketing ဖြစ်သူ Mr. Dipak Madhavan က ပြောကြားသွားခဲ့သည်။

The Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်ကြီးတွင် ဂန္ထ၀င်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထု၊ သုတရသ စာပေများ၊ ဟာသသရုပ်ပြ စာအုပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်း ဆိုင်ရာစာအုပ်များအပြင် မိဘများအနေဖြင့် မိမိကလေးသူငယ်များအတွက် အကျိုးရှိမည့် စိတ်ဝင်စားဖွယ်ရာ ပုံပြင်စာအုပ်များ၊ ဆေးရောင်ချယ်စာအုပ်များ၊ လေ့ကျင့်ရေးစာအုပ်များ၊ သင်ထောက်ကူပြုစာအုပ်များ၊ ရုပ်ပြ စာအုပ်များ စုံလင်စွာပါဝင်မည် ဖြစ်သည်ဟုသိရသည်​။

Comments